မန္တလေးတောင်ပေါ်ရှိ လူနေထိုင်သည့်နေအိမ်များ စတင်ဖယ်ရှား

မန္တလေးတောင်ပေါ်ရှိ လူနေထိုင်သည့်နေအိမ်များ စတင်ဖယ်ရှား

မန္တလေး တောင်တော်ပေါ်တွင် လူနေအဆောက်အအုံများ၊ စျေးအရောင်းဆိုင်များ 
တဖြည်းဖြည်း များပြားလျက်ရှိရာ စည်းကမ်းပျက်မှုများ များပြားလာပြီး ဘုရားဖူးလာကြ
သည့် လာရောက်လည်ပတ် လေ့လာသူများအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်နေခြင်း
ကြောင့် အလုံပိတ် နေအိမ်များဖယ်ရှားခြင်း၊ စောင်းတန်းများတစ်လျှောက် ရောင်းချနေ
သည့်စျေးဆိုင်ခန်းများအတွက် စနစ်တကျ နေရာသတ်မှတ်ပေးခြင်းများနှင့် ဘုရားရင်ပြင်
များပေါ်တွင် စည်းကမ်းမဲ့ စျေးရောင်းချခြင်းများကို စတင်ဖယ်ရှားနေပြီဖြစ်ကြောင်း
တောင်တော် ဂေါပကအဖွဲ့တာဝန်ရှိသူက ပြောသည်။

''မန္တလေးတောင်ပေါ်ကို စောင်းတန်းကတက်မယ်ဆိုရင် စောင်းတန်းတစ်လျှောက်
စည်းကမ်းမရှိ စျေးရောင်းနေတာတွေ၊ အလုံပိတ် အခန်းတွေဆောက်ပြီး နေထိုင်နေကြတာ
တွေ၊ ဘုရားရင်ပြင်တွေပေါ်မှာ စျေးရောင်းနေတာတွေ၊ ပိုဆိုးတာက အညစ်အကြေးတွေ၊
အမှိုက်တွေကို စည်းကမ်းမရှိစွန့်ပစ်ကြတာပဲ။ မန္တလေးတောင်ဆိုတာ မန္တလေးရဲ့
အထင်ကရ နေရာတစ်ခုပါ။ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်တွေလာတဲ့အခါ အလွန်
အင်မတန် ကဲ့ရဲ့စရာလို ဖြစ်နေတယ်။ ဒီလိုနေရာမှာ ဖြစ်ချင်တိုင်းဖြစ်နေကြတာ။ အခုလို
နေအိမ်တွေ၊ ဆိုင်ခန်းတွေ ရှင်းလင်းတယ်ဆိုတာကလည်း တောင်တော် အုပ်ချုပ်နေတဲ့
ဆရာတော်ဘုရားကြီးတွေရဲ့ လမ်းညွှန်ချက်အရ လုပ်ဆောင်ရတာပါ။ အလုံပိတ်နေအိမ်
တွေက နေ့ခင်းဆို မြို့ထဲမှာ အလုပ်သွားလုပ်ကြတယ် ညမှ ပြန်အိပ်ကြတယ်။ အခုတော့
အလုံပိတ် နေအိမ်တွေကို လုံးဝရှင်းလင်းမယ်။ စျေးဆိုင်ခန်းတွေကိုတော့ စနစ်တကျနေရာ
သတ်မှတ်ပြီး ရောင်းချခိုင်းမယ်'' ဟု မန္တလေးတောင်တော်ဂေါပကဥက္ကဋ္ဌ ဦးသိန်းထွန်းက
မြန်မာတိုင်း(မ်) ကိုပြောသည်။

၂ဝ၁၃ ခုနှစ်၊ ဧပြီလ အတွင်းကမန္တလေးတောင်တော် သန့်ရှင်းသာယာလှပရေးအတွက်
စန္ဒာမုခိဘီလူးမ ရင်ပြင်နေရာ၊ရွှေသိမ်တော်ဘုရားနေရာနှင့် မြွေကြီးနှစ်ကောင်နေရာရှိ
ဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းခဲ့ပြီး စျေးရောင်းချနိုင်ရန်အတွက် နေရာများကို စနစ်တကျ
နေရာချထားပေးခဲ့ပြီးဖြစ်ရာ ယခုလက်ရှိ ရှင်းလင်းနေသော ဆိုင်ခန်းများအတွက်လည်း
နေရာများ စနစ်တကျ ပြန်လည်ချထားပေးမည် ဖြစ်သည်။

''တောင်တော်ပေါ်မှာ ရပ်ကွက်တစ်ခုလိုဖြစ်နေတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ပထမ
တစ်ခါ ရှင်းလင်းခဲ့ပြီးဖြစ်တဲ့အတွက် ဘုရားရင်ပြင်တွေမှာ ဘုရားဖူးတွေ အေးအေးချမ်းချမ်း
နဲ့နားနေနိုင်ကြပြီ။ ကျွန်တော်တို့က တောင်တော်ရဲ့ စောင်းတန်းလေးခုလုံးကို ဖြည်းဖြည်း
ချင်းရှင်းလင်းသွားမှာ ဖြစ်ပါတယ်။ အရင်နေတဲ့သူတွေက မြေနေရာကို အခြားတစ်ယောက်
ကိုရောင်းချလွှဲပြောင်းပြီး တခြားတစ်နေရာမှာ ထပ်ယူတာတွေလည်းရှိတယ်။ ဆိုင်ခန်းတွေ
အတွက် လုံုခြံုရေးကိုလည်း ချထားပေးသွားမှာ ဖြစ်သလိုလိုအပ်ရင် လိုအပ်သလို ဆိုင်ရှင်
တစ်ဦးကိုလည်း ညအိပ်စောင့်ဆိုင်းခွင့် ပြုမှာပါ။မိသားစု၊ စုံတွဲတွေ ညစောင့်တာကိုတော့
လုံးဝမှ လက်မခံပါဘူး။ အညစ်အကြေးစွန့်ဖို့နေရာကိုလည်း သတ်မှတ်ပေးပါမယ်'' ဟု
ဦးသိန်းထွန်းက ပြောသည်။

မန္တလေးတောင်သို့ ဘုရားဖူးလာရောက်ကြသော ရပ်ဝေးနှင့် ပြည်ပဧည်သည်များအနေဖြင့်
မန္တလေးတောင်တောင်ပေါ်တွင်ဘုရားနှစ်ဆူသာ ရှိသည်ဟု ထင်မြင်နေကြသည်ကို
ဖျောက်ဖျက်ရန်နှင့် စောင်းတန်းများက တက်ရောက်ပါက ဘုရား ၄၅ ဆူကို ဖူးမြော်
ကြည်ညိုနိုင်မည်ဖြစ်၍ တောင်တက်စောင်းတန်းများမှတစ်ဆင့် လေ့လာတက်ရောက်
ကြရန် ဂေါပကအဖွဲ့က တိုက်တွန်းထားသည်။

မန္တလေးတောင်ပေါ်သို့ တက်ရောက်ရာ စောင်းတန်းလေးသွယ်ရှိရာ အနောက်ဘက်
စောင်းတန်းမှာ အရှည်ဆုံး၊ မြောက်ဘက် ရွှေကျင်ဂိတ်ဘက်အထွက် စောင်းတန်းမှာ
ဒုတိယအရှည်ဆုံးနှင့် ဘုရားဖူးများ အများဆုံး သွားလာနေကြသည့် တောင်ဘက်
စောင်းတန်းမှာ တတိယအရှည်ဆုံးဖြစ်ပြီးအရှေ့ဘက်စောင်းတန်းဖြစ်သည့် ဘိုဘိုးကြီး
နတ်နန်းသွား စောင်းတန်းမှာ အတိုဆုံးဖြစ်သည်။ တောင်ပေါ်သို့ လမ်းလျှောက်တက်ရန်
ခက်ခဲသူများအတွက် အဆင်ပြေစေရန် မော်တော်ကားဖြင့် တက်ရောက်နိုင်ရန်
တောင်တက်လမ်း ဖောက်လုပ်ထားသည်။ တောင်ပေါ်တွင် စျေးအရောင်းဆိုင်ခန်းများနှင့်
လူနေအိမ်များ ဖျက်သိမ်းနေသည့်အတွက် လက်တလော နေထိုင်သူများအတွက်
အခက်အခဲများနှင့် ကြံုတွေ့နေကြရကြောင်း နေအိမ်ဖယ်ရှားခံရသူက ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး