တိုင်းရင်းသားလူမျိုးပေါင်းစုံ ၅,၁၅၂ ဦး၏ ဗုဒ္ဓသြဝါဒ ခံယူပွဲကို ကယားပြည်နယ်၊
လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီးတွင် မေ ၂၄ ရက်က မိုးကုတ်မြို့ ညောင်သုံးပင်
ပရိယတ္တိသာမဏေ ကျော်စာသင်တိုက် ပဓာန နာယကဆရာတော်(နိုင်ငံတော်
သံဃမဟာနာယက အဖွဲ့ဝင်) ဒေါက်တာ တေဇောသာရာဘိဝံသ၏ ဦးဆောင်ကာ
မိုးကုတ်မြို့နယ် လက်ထောက်သာသနာပြုအဖွဲ့၏ ကြိုးစားမှုဖြင့်ကျင်းပခဲ့သည်။
''မနှစ်က နမ့်ဆန်မြို့နယ်မှာ ဗုဒ္ဓသြဝါဒခံယူပွဲလုပ်တော့ ဆရာတော် ဒေါက်တာတေဇော
သာရာဘိဝံသကို လွိုင်ကော်မြို့ကဒကာမတစ်ဦးက လွိုင်ကော်မြို့မှာလည်း တစ်ပွဲ
လုပ်ပေးဖို့ လျှောက်တယ်။ ဒါနဲ့ ဆရာတော်က လိုအပ်တာတွေ ထောက်ပံ့ပြီး မိုးကုတ်က
သာသနာပြုအဖွဲ့ကို လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက စေလွှတ်ခဲ့တယ်'' ဟု
လက်ထောက်သာသနာပြု ဦးစုဘူးက ပြောသည်။
ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဒီမောဆို၊ ဘောလခဲမြို့နယ်တို့မှ ကယား၊ ကယန်း၊
ယင်းတလဲ၊ လီဆူ၊ အခါ၊ ရှမ်း၊ ပအိုဝ်းစသည့် တိုင်းရင်းသားလူမျိုးစုံ ၅,၁၅၂ ဦး
ပါဝင်သြဝါဒခံယူခဲ့သည်ဟု ၄င်းက ဆိုသည်။
''ဒီပွဲဖြစ်ဖို့ တော်တော်လေး အချိန်ယူခဲ့ရပါတယ်။ ဘုန်းကြီး သာသနာပြုခဲ့တဲ့
သက်တမ်းတစ်လျှောက် ဒီဗုဒ္ဓသြဝါဒခံယူပွဲက လူအများဆုံးပဲ'' ဟု ဆရာတော်
ဒေါက်တာတေဇောသာရာဘိဝံသက မိန့်ကြားသည်။
အဆိုပါ ဗုဒ္ဓသြဝါဒခံယူပွဲတွင် ကယားပြည်နယ်အတွင်းရှိ ကျေးရွာများမှ ရဟန်းအပါး
၃ဝ၊ သီလရှင်အပါး ၃ဝ နှင့် ရှင်သာမဏေ အပါး ၃ဝဝ ရှင်ပြုလှူဒါန်းပွဲတို့ကိုလည်း
ကျင်းပပြုလုပ်ခဲ့သည်။ ဆရာတော်ဒေါက်တာတေဇောသာရာဘိဝံသသည် ၁၉၉၂
ခုနှစ်မှစ၍ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လာခဲ့ပြီး လွိုင်ကော်မြို့ ဗုဒ္ဓသြဝါဒ
ခံယူပွဲသည် (၄၈)ကြိမ်မြောက် ဗုဒ္ဓသြဝါဒခံယူပွဲ ဖြစ်ကာ ယနေ့အချိန်ထိ လူမျိုးပေါင်းစုံ
၅ဝ,ဝဝဝ ကျော်မှာဗုဒ္ဓသြဝါဒခံယူပြီးဖြစ်သည်။
















