ရေမြောင်းတူးဖော်နေမှုကို ရပ်ကွက်အောက်ပိုင်း နေထိုင်သူများ ကန့်ကွက်တင်ပြ

ရေမြောင်းတူးဖော်နေမှုကို ရပ်ကွက်အောက်ပိုင်း နေထိုင်သူများ ကန့်ကွက်တင်ပြ

တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်အထက်ပိုင်းမှ အောက်ပိုင်းသို့ ရေမြောင်း
တူးဖော်နေခြင်းကို ရပ်ကွက်အောက်ပိုင်းနေထိုင်သူများက လက်မှတ်ထိုး
ကန့်ကွက်ပြီး နိုင်ငံတော်သမ္မတရုံး အပါအဝင် အစိုးရဌာနဝန်ကြီးချုပ်နှင့်
စည်ပင်သာယာရေးဝန်ကြီးဌာနသို့ တင်ပြကန့်ကွက်ထားသည်။

ချမ်းမြသာစည် သဇင်လမ်း နယ်မြေ (၁) အတွင်း ရေမြောင်းတူးဖော်၍ ရတနာသီရိ
ရပ်ကွက်နှင့် ချမ်းမြသာစည်ရပ်ကွက်မှရေများသာမက အနောက်မြို့ပတ်လမ်းမှ ရေများ
စီးဆင်းစေရန် စည်ပင်သာယာရေးဌာနက ဆောင်ရွက်ခြင်းဖြစ်သည်။

''ကန့်ကွက်ခဲ့တာ သုံးလပိုင်းမှာတစ်ခါ၊လေးလပိုင်းမှာ နှစ်ခါအထိကို ကန့်ကွက်ခဲ့တယ်။
အခုချိန်ထိ ကန့်ကွက်နေကြဆဲပါပဲ။ဒါပေမဲ့ ရေမြောင်းကတော့ ဖောက်လုပ်နေဆဲပါပဲ။
ကန့်ကွက်တဲ့သူရှိရင် ထောင်ချမယ်။ ထောင်ဒဏ် တစ်လကနေ တစ်နှစ်အထိချနိုင်တယ်လို့
ခြိမ်းခြောက်ပြောဆိုတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ရေဘေးဒုက္ခခံစားနေကြရတာ
၁၅ နှစ်လုံးလုံး ရှိခဲ့ပါပြီ။အပေါ်ပိုင်းက ကျတဲ့ ရေတွေ ကျွန်တော်တို့နေထိုင်တဲ့
ချောက်ထဲကို ကျတာ။ နေအိမ်တွေမြုပ်လို့ ဝါးတံတားတွေထိုးပြီး နေရတယ်။သာရေး၊
နာရေးကိစ္စတွေအတွက်လည်းဒုက္ခမျိုးစုံ ခံစားနေကြရတာပါ။ အနောက်မြို့ပတ်လမ်းက
ရေတွေ အရင်ကတည်းကစီးဝင်နေလို့ ဒုက္ခရောက်နေတာကို မကူညီတဲ့အပြင် အခု
ရေမြောင်းတစ်ခုလုပ်ပြီးဖောက်ချမယ်ဆိုတော့ ပိုဆိုးပြီပေါ့။ ရေနစ်သေတဲ့ ကလေးတွေ
လည်း ရှိတယ်။ ဒါကြောင့်မို့ အခုလို ကန့်ကွက်တင်ပြ တိုင်တန်းရခြင်းဖြစ်ပါတယ်'' ဟု
ချမ်းမြသာစည်ရပ်ကွက်၊နယ်မြေ(၁) သဇင်လမ်းတွင် နေထိုင်သူတစ်ဦးက
မြန်မာတိုင်း(မ်) ကို မေ ၃ဝ ရက်က ပြောသည်။

ယခုကဲ့သို့ ရေမြောင်းဖောက်လုပ်ခြင်းအတွက် ရပ်ကွက်နေပြည်သူများကို ကနဦးဖိတ်ခေါ်ပြီး
သဘောတူညီမှုရပြီးမှ ဖောက်လုပ်ခြင်းဖြစ်ကြောင်း၊ ယခုအချိန်မှသာ ကန့်ကွက်မှုများ
ရှိလာခြင်းဖြစ်ကြောင်း တောင်ကြီးမြို့ စည်ပင်သာယာရေး ကော်မတီ အမှုဆောင်အရာရှိ
ဦးအေးကိုက ဆိုသည်။

''ရေမြောင်း ဖောက်မယ်ဆိုတော့ ရပ်ကွက်နေပြည်သူတွေကိုခေါ်ပြီး ဆွေးနွေးတယ်။
သဘောတူညီလို့ ဖောက်လုပ်ခဲ့တာပါ။ကျွန်တော်တို့ စီစဉ်ထားတာတွေကို သူတို့ကိုလည်း
ပြောပြခဲ့တယ်။ မိုးတွင်း ချောက်ထဲမှာရေရှိနေရင် အခု ဖောက်လုပ်တဲ့ ရေမြောင်းကို
တံခါးနဲ့ ပိတ်ထားပေးမယ်။ နွေရာသီ ချောက်ထဲမှာ ရေမရှိတဲ့အချိန်မှ တံခါးကို ဖွင့်မယ်။
တကယ်လို့ ချောက်ထဲမှာ ရေများနေခဲ့မယ်ဆိုရင်လည်း လျှပ်စစ်မော်တာပန့်တွေနဲ့ စုပ်ထုတ်ပြီး
တခြား ရေမရှိတဲ့နေရာတွေကို ဖောက်ထုတ်ပေးမယ်ဆိုပြီး သဘောတူညီမှု ယူခဲ့ကြတာပါ။
ကျွန်တော် မြို့တွင်းမှာ စည်ပင်သာယာရေးကိစ္စနဲ့ ပတ်သက်ပြီးပြည်သူတွေ ဒုက္ခရောက်ရင်
ကျွန်တော့်မှာတာဝန်ရှိပါတယ်။ တကယ်ဆိုရင် အခုဖောက်ချမယ့်နေရာကသူတွေ
နေထိုင်ဖို့တခြားနေရာတွေကို ဟိုးအရင်ကတည်းကစီစဉ်ပေးထားပြီးဖြစ်ပါတယ်။
မပြောင်းရွှေ့ပဲ ဆက်လက် နေထိုင်နေကြတာတွေပါ'' ဟု ဦးအေးကိုက
မြန်မာတိုင်း(မ်)ကိုပြောသည်။

ယခု ဖောက်လုပ်နေသည့် ရေမြောင်းအကျယ်မှာ အနံ နှစ်ပေကျယ်ပြီး အရှည်
ပေ ၃ဝဝ နီးပါးရှိကာ ကနဦး ဖောက်လုပ်နေသည့်အချိန်တွင် ရပ်ကွက်အထက်ပိုင်းရှိ
နေအိမ်များကို ဖြတ်သန်း ဖောက်လုပ်မည်ဖြစ်သည့်အတွက် ကန့်ကွက်ခဲ့သော်လည်း
ယခုအချိန်တွင် လက်ခံခဲ့ကြပြီဖြစ်ကြောင်း တောင်ကြီးမြို့ တရားဥပဒေစိုးမိုးရေး
ကွန်ရက်တာဝန်ရှိသူတစ်ဦးက ဆိုသည်။

'' ကျွန်တော်တို့ကတော့ စောင့်ကြည့်နေဆဲပဲ။ အထက်ပိုင်းက လူတွေက ပြေလည်
သွားပေမဲ့ အောက်ပိုင်းက လူတွေကတော့မပြေလည်ကြသေးဘူး။ အရင် ရက် ၁ဝဝ
စီမံကိန်းတုန်းက ရတနာသီရိဘက်ကို မြောင်းလုပ်ဖို့ လုပ်ဆောင်ခဲ့ကြပေမဲ့
ကန့်ကွက်ခဲ့ကြလို့ မလုပ်ဖြစ်ခဲ့ကြတာပါ။ အခု ချမ်းမြသာစည်အောက်ပိုင်းရပ်ကွက်ကို
ဖောက်လုပ်ကြတာပါ။ ကျွန်တော်တို့အဖွဲ့ကတော့ ပြည်သူတွေကို ဒုက္ခမရောက်စေချင်ဘူး။
အားလုံးအဆင်ပြေစေချင်တယ်'' ဟု တရားဥပဒေစိုးမိုးရေးကွန်ရက်မှ ဦးဝင်းနိုင်စိုးက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး