စစ်ကိုင်း မြို့မိ၊ မြို့ဖအဖွဲ့သစ် စစ်ကိုင်းမြို့ဖွံ့ဖြိုးတိုးတက်ရေးများလုပ်ဆောင်သွားမည်

စစ်ကိုင်း မြို့မိ၊ မြို့ဖအဖွဲ့သစ် စစ်ကိုင်းမြို့ဖွံ့ဖြိုးတိုးတက်ရေးများလုပ်ဆောင်သွားမည်

စစ်ကိုင်း မြို့မိ၊မြို့ဖ အဖွဲ့သစ်ကို ဧပြီ ၂၆ ရက်က တရားဝင် ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့က
လုပ်ငန်းစဉ် ရှစ်ချက်ဖြင့် စစ်ကိုင်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးများကို လုပ်ဆောင်သွားမည်
ဖြစ်ကြောင်း အဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဦးဇော်ဝင်းက မေ ၃ဝ ရက်က
ပြောသည်။

''အချက် ရှစ်ချက်ကို အဓိကထားပြီးတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်။
အဖွဲ့ဝင် ၄၂ ဦးနဲ့ အသစ်ပြန်လည် ဖွဲ့စည်းထားပါတယ်။ အဓိကကတော့ စစ်ကိုင်းမြို့
ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် လုပ်ဆောင်သွားမှာပါ''ဟု ၄င်းက ပြောသည်။

လုပ်ငန်းစဉ် ရှစ်ချက်တွင် စည်ပင်သာယာရေးနှင့် မြို့သာယာလှပရေး၊ စီးပွားရေး
တိုးတက်ရေး၊ ပညာရေးမြှင့်တင်မှုနှင့် တက္ကသိုလ်များ တည်ဆောက်ရေး၊
ကျန်းမာရေးမြှင့်တင်ရေး၊ လုံခြံုရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ထိန်းသိမ်းရေး၊
လူမှုရေးနှင့်ဘာသာ၊ သာသနာစောင့်ရှောက်ရေး၊ သတင်းနှင့် ပြန်ကြားရေးတို့ကို
လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဇော်ဝင်းက ပြောသည်။

''လုပ်ငန်းစဉ်တစ်ခုချင်းဆီမှာလည်းဆပ်ကော်မတီတွေ ဖွဲ့ပြီးလုပ်ဆောင်သွားမှာပါ။
မြို့ရွာရဲ့ ကောင်းကျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်ဆောင်သွားမယ်။ မြို့ရွာနဲ့
ပတ်သက်တဲ့ လမ်းတွေ၊ မြောင်းတွေကိုလည်းစည်ပင်သာယာနဲ့ ပူးပေါင်းပြီး
လုပ်ဆောင်သွားမယ်။ ရေကြီး ရေလျှံမှုတွေကိုလည်း အဓိကထားပြီးတော့
လုပ်ဆောင်သွားမယ်'' ဟု ၄င်းက ပြောသည်။

စစ်ကိုင်း မြို့မိ၊ မြို့ဖ အဖွဲ့သစ်အနေဖြင့်ပညာရေးတွင် ထူးချွန်သည့် လူငယ်များကိုလည်း
ပညာရေးစရိတ်များ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး စစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်ငါးခုမှ
ပါမောက္ခချုပ်ကြီးများဖြင့်လည်း တွေ့ဆုံပြီး လိုအပ်သည့် အကူအညီများကို ကူညီပံ့
ပိုးပေးသွားမည်ဖြစ်ကြောင်း ဦးဇော်ဝင်းက ပြောသည်။

''အခုနှစ် ဆယ်တန်းအောင်စာရင်းထွက်ရင် ဂုဏ်ထူးပါတဲ့ လူငယ်တွေနဲ့ ပညာရေးအတွက်
အခက်အခဲရှိတဲ့ လူငယ်တွေကို ထောက်ပံ့မှုတွေ လုပ်ဆောင်သွားမှာပါ။ ကျန်းမာရေးမှာလည်း
ဆေးရုံတွေမှာ လိုအပ်တဲ့ဆေးဝါးတွေကို တတ်နိုင်သလောက် လှူဒါန်းပေးသွားမှာပါ။
အထူးသဖြင့် သဘာဝပေးကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်သွားမယ်''ဟု ၄င်းက
ပြောသည်။

စစ်ကိုင်း မြို့မိ၊ မြို့ဖ အဖွဲ့သစ်က ရပ်ကွက်အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အဖွဲ့နှင့် တွေ့ဆုံမှုများ လုပ်ဆောင်ခဲ့ကြောင်း ဥက္ကဋ္ဌ ဦးတင်မျိုးလွင်က
ပြောသည်။

စစ်ကိုင်း မြို့မိ၊ မြို့ဖအဖွဲ့အတွက် ဧပြီ၄ ရက်က ရပ်ကွက်အသီးသီးမှ ကိုယ်စားလှယ်များ
ဝင်ရောက်အရွေးချယ်ခံကာ စစ်ကိုင်းမြို့၊မြို့တော်ခန်းမတွင် မဲစနစ်ဖြင့် ရွေးချယ်ခဲ့ပြီး
မဲအများဆုံးရရှိခဲ့သူများကို ဧပြီ ၂၆ ရက်တွင်တာဝန်ပေးအပ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး