လာမည့် မိုးတွင်းကာလ ရေများချိန်တွင် ဦးပိန်တံတား၏ အန္တရာယ်ရှိလာနိုင်သော
အစိတ်အပိုင်းများကို ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဦးပိန်တံတား
အကျိုးတော်ဆောင်အဖွဲ့မှ ဦးစိုးဝင်းက ပြောသည်။
မန္တလေးမြို့၊ အမရပူရမြို့နယ်တွင် တောင်သမန်အင်းကို ဖြတ်၍ တည်ဆောက်
ထားသော ဦးပိန်တံတား၌ တံတားတိုင်လုံးအသစ်နှင့်အဟောင်း လဲလှယ်ထားသော
နေရာများတွင် တွင်းများဖြစ်နေကာ အဆိုပါတွင်းများကို မိုးမများမီ သဲနှင့် ကျောက်များ
ပြန်ဖို့နေကြောင်း၊ လိုအပ်သော ငွေကြေးကို ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းရေး
အကျိုးတော်ဆောင်အဖွဲ့နှင့် တောင်မင်းကြီးမြတ်စွာဘုရား ဂေါပကအဖွဲ့တို့မှ
ပံ့ပိုးပေးနေကြောင်း ဦးစိုးဝင်းက ပြောကြားသည်။
''မိုးတွင်းမှာ အန္တရာယ်ရှိနိုင်တဲ့ တွင်းတွေဖြစ်နေလို့ ဒါတွေကို အရင်ပြန်ဖို့နေပါတယ်။
ပြီးခဲ့တဲ့ မေ ၁၉ ရက်လောက်ကတည်းကစလုပ်နေတာ နောက်ထပ် ငါးရက်၊
ခြောက်ရက်လောက်ဆိုရင်တော့ ပြီးနိုင်ပါတယ်။ တံတားမှာ တိုင်သစ်နဲ့
တိုင်ဟောင်းလဲထားတာလည်းရှိတယ်။ အသစ်နဲ့ အဟောင်း တွဲပေးထားတာလည်း
ရှိတယ်။ ဖို့ရမယ့်တွင်းကတော့တွင်း ၆ဝ လောက် ရှိမယ်'' ဟု ဦးစိုးဝင်းက
မေ ၃ဝ ရက်တွင် ပြောသည်။
ယခုလ ဒုတိယပတ်အတွင်း ဂျာမနီနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့က
နည်းပညာတက္ကသိုလ် (မန္တလေး) (Technological University Mandalay)
ပါမောက္ခ ဒေါက်တာဇာခြည်မင်း ပါဝင်သောအဖွဲ့က လေ့လာသုတေသနပြုခဲ့ကာ
ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူများ အန္တရာယ်ကင်းအောင် အဆောတလျင်
ပြုပြင်ရမည့် အပိုင်းများရှိနေကြောင်း၊ တိုင်အသစ်အစားထိုးရန် တူးထားသောတွင်းများမှာ
လာမည့်မိုးရာသီတွင် တိုင်များအတွက် တည်ငြိမ်မှုမရှိနိုင်သောကြောင့်သေချာစွာ
ပြန်ဖို့ထားရန် လိုအပ်နေကြောင်းမှတ်ချက်ပြုထားသည်။
''လတ်တလော ပြင်ဆင်နေတာလေးတွေကို ဘုရားဂေါပကအဖွဲ့ကို တံတားအတွက်
လာလှူကြတဲ့ငွေနဲ့ ယာဉ်အပ်နှံတာတွေက ရတဲ့ငွေတွေကို သုံးနေပါတယ်။ လက်ရှိမှာတော့
တိုင်ကျင်းတွေကို ပြန်ဖို့တယ်။ ယာယီထိန်းထားတဲ့ သစ်သားချောင်းတွေ ပြန်ဖြုတ်တယ်။
ပြီးတော့ တံတားလက်ရန်းတွေ ပြန်ထည့်ဖို့ စိတ်ကူးနေပါတယ်။ လုပ်ဆောင်တာကိုတော့
ရှေးဟောင်းဌာနက ရှေးမူမပျက်လုပ်သွားမှာပါ'' ဟု တောင်မင်းကြီးမြတ်စွာဘုရားဂေါပက
အဖွဲ့ဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောသည်။
















