စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင၊် နန်စီပွန်ဒေသတွင် မေ ၁၇ ရက်က ရေမဆေးကျောက်
ရှာဖွေသူများနှင့် ကုမ္ပဏီများအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်သည့်
အစီရင်ခံစာကို ယခုလ ၁၀ ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း
ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောသည်။
ယင်းအစီရင်ခံစာကို တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ မေလကုန်တွင် တင်သွင်းရမည်ဖြစ်သော်လည်း
စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ အပြောင်းအလဲကြောင့် ဇွန် ၁၀ ရက်သို့ ပြောင်းလဲသွားခြင်းဖြစ်ကြောင်း၊
လက်ရှိတွင် စုံစမ်းမှုများကို စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ အတွင်းရေးမှူး
ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ယမန်နေ့တွင် ပြောသည်။
"အစီရင်ခံစာတင်မယ်၊ ရက်ရွှေ့လိုက်ပါတယ်။ စုံစမ်းမှုတွေကို အခုစတင်နေပါပြီ။ ကျွန်တော်တို့လည်း
မှော်ထဲရောက်နေပါတယ်" ဟု ၎င်းက ပြောသည်။
နန်စီပွန်ဒေသရှိ မြန်မာအမ်ပီရီရာယ်ဂျိတ် ကုမ္ပဏီပိုင် မကျန်ခလုပ်ကွက်တွင် ကျောက်ကြောမြေစာပုံကို
ရေမဆေးကျောက်ရှာဖွေသူများက လူအင်အား ရ၀၀ ခန့်ဖြင့် ၀င်ရောက်လုပ်ကိုင်ခဲ့သောကြောင့်
ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ရာ ရေမဆေး ကျောက်ရှာဖွေသူ သုံးဦး သေဆုံး၍ ငါးဦးဒဏ်ရာ ရရှိခဲ့ကာ
ရဲတပ်ဖွဲ့ဝင် ကိုးဦးဒဏ်ရာရရှိခဲ့သည့်အပြင် ကုမ္ပဏီပိုင် ဆီသိုလှောင်ကန် ၃၈ ကန် ပျက်စီးဆုံးရှုံးခဲ့သည်။
ပဋိပက္ခဖြစ်စဉ် အမှန်ပေါ်ပေါက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က မေ ၁၉ ရက်တွင်
စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ရတနာမြေအတွင်းရှိ တရားမဝင်နေထိုင်သူများ ကို ဥပဒေနှင့်အညီ ရှင်းလင်းဖယ်ရှားခြင်း၊ တူးဖော်ခွင့်
လိုင်စင်ရ ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ
လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ၊ စိစစ်နေ သည့်ကာလအတွင်း လုပ်ငန်းစဉ်အားလုံးကို
ရပ်ဆိုင်းထားစေခြင်း၊ စွန့်ပစ်မြေစာအတွက် နေရာသတ်မှတ်ခြင်းနှင့် ရေမဆေးများအတွက်
စည်းကမ်းချက်များ သတ်မှတ်ပေးခြင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်
အကောင်အထည် ဖော်ဆောင်ရွက်ခြင်းစသည့် အချက်လေးချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
နန်စီပွန်ဒေသရှိ တရားမဝင်နေထိုင်သူအားလုံးကို မေ ၃၀ ရက် နောက်ဆုံးထားပြီး
ပြောင်းရွှေ့ထွက်ခွာသွားရန် ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ရာဇဝတ် ကျင့်ထုံးဥပဒေ
ပုဒ်မ ၁၄၃ ကို ထုတ်ပြန်ခဲ့သည်။
















