မကွေးတိုင်းဒေသကြီးအတွင်းမှာ အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာ
တော်တော်များများရှိပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက အနောက်ရိုးမ တောင်တန်းနဲ့
ပဲခူးရိုးမတောင်တန်းပေါ်မှာ နေထိုင်ကြတဲ့ ချင်းတိုင်းရင်းသားတွေဟာ သူတို့ရဲ့
ရိုးရာယဉ်ကျေးမှုတွေ မှိန်ဖျော့ပျောက်ကွယ်သွားတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေ
ကြရပါတယ်။
အရှိုချင်းဘာသာစကားအရ ပဆန်းဆရာလို့ခေါ်တဲ့သူတွေဟာ အရှိုချင်းတိုင်းရင်းသားတွေရဲ့
ရိုးရာယဉ်ကျေးမှုတွေကို အဓိကနားလည်တတ်ကျွမ်းသူတွေဖြစ်ပြီးရိုးရာပွဲတွေကို ဦးဆောင်
စီစဉ်ရသူတွေပါ။တိုးတက်ပြောင်းလဲလာတဲ့ လူမှုပတ်ဝန်းကျင်မှာ အရှိုချင်းရိုးရာကို
ထိန်းသိမ်းနိုင်မယ့် ပဆန်းဆရာ တဖြည်းဖြည်း နည်းပါးလာခဲ့ပါပြီ။
''ပဆန်းဆရာတွေသေရင် ရိုးရာတွေပျောက်ကုန်မှာပါ။ နောက်ဆုံးမှာ အရှိုချင်းဆိုတာ
ဝတ်စုံပဲ ကျန်နေတော့မှာ'' လို့ မကွေးအနောက်ခြမ်း ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာက
ချင်းတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ဆလိုင်းသိန်းမောင်က စိုးရိမ်ဖွယ်ရာ အခြေအနေကို
ပြောပါတယ်။
ပဆန်းဆရာဆိုတာ အရှိုချင်းရိုးရာပွဲတော်တွေကို ဦးဆောင်ရွတ်ဖတ်သူ စီစဉ်သူတွေ
ဖြစ်ပါတယ်။ လူငယ်မျိုးဆက်သစ်တွေကတော့ ပဆန်းဆရာဖြစ်ဖို့ အိပ်မက်တောင်
မမက်ဖြစ်တော့တဲ့ အခြေအနေရှိနေပါတယ်။
''လူငယ်တွေအများစုက နိုင်ငံခြားမှာ ဒါမှမဟုတ် ရန်ကုန်၊ မန္တလေးနဲ့ နယ်စပ်တွေမှာ
သွားအလုပ်လုပ်ကြရတယ်။ သူတို့တွေက ရိုးရာတွေကို စိတ်ဝင်စားမှု နည်းလာတယ်။
မိရိုးဖလာ တောင်ယာလုပ်ဖို့တောင် စိတ်ဝင်စားသူနည်းလာတယ်'' လို့ အောင်လံမြို့နယ်
ဗြန်ဒီကျေးရွာက ချင်းတိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးတင်ရွှေက ပြောပါတယ်။
ရုပ်ဝတ္ထုပိုင်း တိုးတက်ပြောင်းလဲလာမှုနဲ့ ဒေသတွင်း စီးပွားရေးကျဆင်းလာမှုတွေရဲ့
အကျိုးဆက်တွေက နိုင်ငံအလယ်ပိုင်းမှာ နေထိုင်ကြတဲ့ ချင်းတိုင်းရင်းသားတွေကို နိုင်ငံ
ရပ်ခြားမှာ သွားရောက် အလုပ်လုပ်ဖို့ တွန်းအားပေးသလို ဖြစ်နေပါတယ်။
၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ မကွေးတိုင်းအတွင်း မြို့နယ်
၂၆ မြို့နယ်မှာ ချင်းတိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။
ချင်းတိုင်းရင်းသားတွေရဲ့ ရိုးရာပွဲတွေဖြစ်တဲ့ မင်္ဂလာဆောင်၊ အိမ်တက်ပွဲ၊ တောင်ယာနတ်ပွဲ၊
မိုးကောင်းနတ်ပွဲ၊ နွားနတ်စားပွဲ၊ အရိုးတိုင်ထူပွဲ၊ ရွာလယ်နတ်ပွဲ၊ စုန်းခေါက်ပွဲ၊ ကောက်သစ်
စားပွဲ၊ စျာပန စတဲ့ရိုးရာပွဲတွေကို ပဆန်းဆရာတွေက ဦးဆောင်ကျင်းပလေ့ရှိပါတယ်။
လက်ရှိအခြေအနေမှာ ပဆန်းဆရာတွေရဲ့ ပညာကို လက်ဆင့်ကမ်း သင်ကြားဖို့
မျိုးဆက်သစ်လူငယ်တွေ လိုအပ်နေတယ်လို့ ချင်းတိုင်းရင်းသားတွေက ဆိုပါတယ်။

''အရင်တုန်းက ဆေးပေးခန်းတွေဝေးတော့ နေထိုင်မကောင်းဖြစ်တဲ့အချိန်မှာ ဆေးတွေကို
အချိန်မီမရနိုင်တော့ ပဆန်းဆရာတွေဆီမှာ စုန်းခေါက်ရတယ်။ အဲဒါကို 'ဖျားအနာပေါ်ပြန်လာ
ဆေးကမရ စုန်းခေါက်ကြလို့' စာချိုးလေးနဲ့တောင် ပြောခဲ့ကြတယ်။ အခုလက်ရှိအချိန်ထိလည်း
စုန်းခေါက်ကြသေးတာပါပဲ'' လို့ ဆလိုင်းသိန်းမောင်က ဆိုပါတယ်။
ဒေသခံချင်းတိုင်းရင်းသားတွေရဲ့ ရိုးရာယုံကြည်မှုတွေအရ ကျန်းမာရေးချို့ယွင်းသူ တွေကို
ပဆန်းဆရာတွေရဲ့ အကူအညီနဲ့ စုန်းခေါက်တယ်ဆိုတဲ့ အလေ့အထ ပြုလုပ်ရပါတယ်။
အဲဒီလိုစုန်းခေါက်ခြင်းက နာမကျန်းဖြစ်နေတဲ့သူကို ကျန်းမာသန်စွမ်းစေတယ်လို့လည်း
သူတို့က ယုံကြည်ကြပါတယ်။
''နေမကောင်းလို့ အင်္ဂလိပ်ဆေးနဲ့ကုနေချိန်မှာလည်း ပဆန်းဆရာကိုပင့်ပြီး စုန်းခေါက်တယ်။
အင်္ဂလိပ်ဆေးကုတာရော ယုံကြည်မှုရောကြောင့် နေတော့ ကောင်းသွားတာပဲ'' လို့
ချင်းတိုင်းရင်းသူတစ်ဦးဖြစ်တဲ့ မိုင်ချိုချိုလွင်က ပြောပါတယ်။
ရိုးရာနတ်ပွဲတွေ၊ တင်မြှောက်ပသမှုတွေကို အရှိုချင်းတိုင်းရင်းသားတွေက 'ပဆန်းပွယ်' တယ်လို့
သုံးနှုန်းကြပါတယ်။ မတူညီတဲ့ရိုးရာ တင်မြှောက်မှုတွေမှာ နတ်ကြီး တင်မြှောက်မှုနဲ့
နတ်လေးတင်မြှောက်မှုဆိုပြီး ကွဲပြားပါတယ်။
ပဆန်းဆရာလုပ်ဖို့ စိတ်ဝင်စားတဲ့ လူငယ်တချို့ကတော့ နတ်လေးတင်မြှောက်မှုလို့ ခေါ်တဲ့
ကြက်၊ ဝက်စတဲ့ နတ်တင်မြှောက်မှုတွေကို အနည်းငယ် ဆောင်ရွက်နိုင်ကြပါတယ်။ ဒါပေမဲ့
နတ်ကြီးတင်မြှောက်မှုလို့ခေါ်တဲ့နွားနတ် တင်မြှောက်မှု ကိုတော့ ဆောင်ရွက်နိုင်တဲ့လူငယ်
မရှိသလောက် ရှားပါးနေတယ်လို့ ပဆန်းဆရာတစ်ဦးဖြစ်တဲ့ ဦးတင်ရွှေက ဆိုပါတယ်။
''ပဆန်းပွယ်တဲ့ စာတွေက ရှေးကျတဲ့ ချင်းစကားတွေနဲ့ ပွယ်ရတယ်။ ကြက်နတ်လိုဝက်နတ်လိုမျိုး
နတ်လေးတင်မြှောက်မှုတွေကတောင် ဗလာစာရွက်နဲ့ သုံးလေးမျက်နှာ ရှိတယ်။ ခက်လည်း
ခက်ခဲတယ်'' ဟု ဦးတင်ရွှေက ဆိုပါတယ်။

ရိုးရာနတ်ပွဲတင်မြှောက်မှုတွေမှာ ပဆန်းဆရာတွေရဲ့ အခန်ကဏ္ဍက အရေးပါတယ်ဆိုပေမဲ့
သူတို့ရရှိတဲ့ အခကြေးငွေရယ်လို့ သတ်သတ်မှတ်မှတ် မရှိပါဘူး။ အခကြေးငွေ သတ်သတ်မှတ်မှတ်
မရရှိပေမဲ့ ပဆန်းဆရာတွေကတော့ သူတို့တာဝန်လို့သာ ယူဆထားကြတာပါ။ ပဆန်းဆရာ
တစ်ဦးဖြစ်ဖို့ အဓိက လိုအပ်ချက်ကတော့ ချင်းစာပေတတ်ဖို့ပါလို့ ဦးတင်ရွှေက ဆိုပါတယ်။
ပဆန်းဆရာတွေ ရွတ်ဖတ်ရတဲ့ အကြောင်းအရာတွေက ရှေးကျတဲ့ ဒေသခံချင်းတိုင်းရင်းသား
ဘာသာစကားတွေဖြစ်တာကြောင့် ရေရှည်တည်တံ့ဖို့ ချင်းစာပေတွေနဲ့ မှတ်တမ်းတင်ထားဖို့
လိုအပ်တယ်လို့လည်း ပဆန်းဆရာတွေက ဆိုပါတယ်။

တောင်တွင်းကြီးမြို့နယ်ထဲက ချင်းတိုင်းရင်းသားအများဆုံးနေတဲ့ နှစ်ကျပ်ခွဲကျေးရွာနဲ့
အနီးဝန်းကျင်ကျေးရွာတွေမှာ ပဆန်းဆရာတစ်ဦးပဲရှိတော့တယ်လို့ဒေသခံတွေက ဆိုပါတယ်။
အဲဒီဒေသတွေမှာလွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကတည်းကရိုးရာပဆန်း ပွဲတွေရှားပါးလာပြီး
အခုအချိန်မှာတော့ အဲဒီအလေ့အထတွေ ပျောက်ကွယ်နေပြီလို့ ဒေသခံအများစုက
ပြောပါတယ်။
အရှိုချင်းတိုင်းရင်းသားတွေရဲ့ ရိုးရာမင်္ဂလာဆောင်မှာ 'ဝက်သည်းကြည့်မင်္ဂလာ' လို့ ခေါ်တဲ့
ရိုးရာမင်္ဂလာပွဲဟာ အရေးပါတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ မင်္ဂလာဆောင်မှာ ပဆန်းဆရာတွေက
မနက် ၄ နာရီလောက်ကစတင်ပြီး ရွတ်ဖတ်မှုတွေ ပြုလုပ်ရပါတယ်။ မနက် ၅ နာရီအချိန်
မှာတော့ မင်္ဂလာပွဲအတွက် ရွေးချယ်ထားတဲ့ ဝက်ကို ပေါ်ပြီး ဝက်ရဲ့အသည်းကို ထုတ်ယူ
ရပါတယ်။
''ဝက်သည်းကြည့် မင်္ဂလာဆိုတာ မင်္ဂလာပွဲမှာပေါ်တဲ့ ဝက်ရဲ့အသည်းကို လင်ပန်းထဲမှာ
ထည့်ပြီး ပဆန်းဆရာတွေက ရွတ်ဖတ်မှုတွေလုပ်ရတယ်။ ပြီးရင်အဲဒီဝက်ရဲ့ အသည်းကိုကြည့်ပြီး
သတို့သား၊ သတို့သမီးရဲ့ အိမ်ထောင်ရေးကိုဟောတယ်။ သားဦးဟာ ယောကျ်ာလေးလား၊
မိန်းကလေးလား မှန်အောင်ပြောနိုင်တယ်။ စီးပွားလာဘ်လာဘ တိုးတက်မှာလားဆိုတာကိုပါ
မှန်အောင်ဟောနိုင်တယ်။ ကျွန်တော့် အသက် ၄ဝ အတွင်း ကြံုခဲ့ရတဲ့ ဝက်သည်းကြည့်ပွဲတွေမှာ
တစ်ခါမှလွဲခဲ့တယ်မရှိဘူး'' လို့ ချင်းတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ဦးနေလင်းက ပြောပြပါတယ်။
ချင်းမင်္ဂလာဆောင်တွေမှာတော့ ဝက်သည်းကြည့် မင်္ဂလာဟာ အရေးပါတဲ့ အဓိကပွဲ တစ်ပွဲဖြစ်ပြီး
ယုံကြည်မှု၊ အလေးအမြတ်ပြုမှုနဲ့ ပဆန်းဆရာရဲ့ အခန်းကဏ္ဍတွေက အရေးပါတဲ့နေရာမှာ
ရှိနေပါတယ်။ ဒီလိုရိုးရာယဉ်ကျေးမှုတွေမှာ အဓိကကျတဲ့ ပဆန်းဆရာတွေ အများစုက
လူကြီးပိုင်းတွေဖြစ်နေပြီး မျိုးဆက်သစ် လူငယ်တွေကို ပြန်လည်မျှဝေနိုင်ဖို့ စိတ်ဝင်စားတဲ့
ချင်းတိုင်းရင်းသားလူငယ်တွေ လိုအပ်နေတယ်လို့ ပဆန်းဆရာတွေက ဆိုကြပါတယ်။
ပဆန်းဆရာတွေတင်မက အရှိုချင်းတိုင်းရင်းသားတွေရဲ့ နောက်ထပ် အခက်အခဲတစ်ခုကတော့
စည်ပင်သာယာရေးဥပဒေပါ။ ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ ပဆန်းပွဲတွေမှာ ဓလေ့ထုံးတမ်းအရ ဝက်၊
အမဲသတ်ဖြတ်မှုတွေကို တားဆီးထားပြီး ရိုးရာပွဲတစ်ပွဲ လုပ်ဆောင်တိုင်း မြို့နယ်စည်ပင်သာယာရဲ့
ဒဏ်တပ်အရေးယူခြင်းကိုလည်း ခံနေရပါတယ်။
စည်ပင်သာယာရေးဥပဒေအရ သားသတ်လိုင်စင် မရှိတဲ့အတွက် သက်ဆိုင်ရာ မြို့နယ်
စည်ပင်ရုံးတွေက ဒဏ်ရိုက်တာတွေ၊ တားမြစ်တာတွေပြုလုပ်နေတယ်လို့ အောင်လံမြို့နယ်၊
ကံမမြို့နယ်နဲ့ ငဖဲမြို့နယ်တွေမှာရှိတဲ့ ချင်းတိုင်းရင်းသားတွေက ဆိုပါတယ်။
''မြို့နယ်စည်ပင်ဆိုတာ ရွာကိုလာပြီး ဘာမှလုပ်ပေးတာ မရှိပေမဲ့ အခုလို အရေးယူဖို့ဆို
ရောက်လာတော့တာပါပဲ။ ကျုပ်တို့ချင်းတွေက ဝက်သတ်တယ်ဆိုတာ ကိုးကွယ် ယုံကြည်မှုတွေ
ပါတယ်။ ရိုးရာအစဉ်အလာဆိုလည်းဟုတ်တယ်။ သူတို့(စည်ပင်) မြင်တာကတော့ ဝက်သတ်ပြီး
ခေါင်ရည်နဲ့ သောက်တယ်ပဲမြင်တာ။ ကျုပ်တို့ရင်ထဲမှာ ဒီထက်မကတဲ့ ယုံကြည်မှုတွေရှိနေတယ်'' လို့
ကံမမြို့နယ်အတွင်းကအသက် ရ၄ နှစ် အရွယ် ချင်းတိုင်းရင်းသား ဆလိုင်းဂျိုးဇက်ဇွင်က
ပြောပါတယ်။
ပဆန်းဆရာလုပ်ဖို့ လူငယ်တွေ စိတ်မဝင်စားတော့ဘူးဆိုတာ စီးပွားရေးနဲ့ ယုံကြည်ကိုးကွယ်မှုတွေ
ကြောင့်သာ မဟုတ်ဘဲ လိုက်လျောညီထွေမဖြစ်တဲ့ ဥပဒေတွေကြောင့် လည်းပါနေပါတယ်လို့
ဆလိုင်းဂျိုးဇက်ဇွင်က ဆိုပါတယ်။
တစ်နှစ်ထက်တစ်နှစ် နိုင်ငံခြားကို ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်တဲ့ အရှိုချင်း
တိုင်းရင်းသား လူငယ်တွေ ပိုများလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မျိုးဆက်တစ်ခု
ပြောင်းလဲသွားမယ့်အချိန်မှာ ပဆန်းဆရာတွေ၊ ပဆန်းပွဲတွေ အကြောင်းက ပုံပြင်တွေအဖြစ်ပဲ
ကျန်တော့မယ့် အနေအထား ဖြစ်နေပါတယ်။
















