မန္တလေးကျောက်ဝိုင်းထက် ဖားကန့်တွင် ကျောက်စိမ်းအရောင်းအဝယ် ပိုသွက်

မန္တလေးကျောက်ဝိုင်းထက် ဖားကန့်တွင် ကျောက်စိမ်းအရောင်းအဝယ် ပိုသွက်

 

မန္တလေးမြို့၊ မဟာအောင်မြေ ရတနာရောင်းဝယ်ရေးစခန်း(ကျောက်ဝိုင်း) အတွင်း ကျောက်စိမ်း
အရောင်းအဝယ်လုပ်ကိုင်ရသည်ထက် ဖားကန့်ရှိ မှော်များတွင် အရောင်းအဝယ်စျေးကွက်
လတ်တလော ပိုမိုသွက်နေကြောင်း ကျောက်အရောင်းအဝယ်လုပ်ကိုင်သူများက ပြောသည်။

တရုတ်ဘက်မှ ဝယ်လက်များမှာ မန္တလေးကျောက်ဝိုင်းသို့ ဆင်းဝယ်ကြသည်ထက် မှော်များသို့
လာရောက်ကာ တိုက်ရိုက်ဝယ်ယူမှုများပြားကြောင်း၊ အထူးသဖြင့်ကျောက်စိမ်းဖြတ်သားများနှင့်
ရေမဆေးကျောက် ရောင်းဝယ်မှုမှာ မှော်များတွင် ရောင်းဝယ်ပိုကောင်းကြောင်း ကျောက်အရောင်း
အဝယ်လုပ်ကိုင်သူ ဦးစိုးညွန့်က ပြောသည်။

''ကျွန်တော် မန္တလေးကျောက်ဝိုင်းမဆင်းပဲ မှော်ထဲပဲလုပ်နေတာ တစ်လလောက်ရှိပြီ။ မန္တလေး
ကျောက်ဝိုင်းထဲ ထိုင်တဲ့ ကျွန်တော့် အသိမိတ်ဆွေတွေ အများစုလည်း အခု ဒီကိုရောက်နေကြတယ်။
ဒီမှာက ကျောက်ကို လတ်လတ်ဆတ်ဆတ် ကြည့်ရတယ်။ စျေးလည်း ပိုရတယ်။ ဖားကန့်ကနေ တရုတ်ကို
တိုက်ရိုက် သယ်ကြတာများတော့ပြည်တွင်းစျေးကွက်က ပျက်တဲ့အနေအထား ဖြစ်နေတယ်''ဟု
ဦးစိုးညွန့်က ယခုလ ၆ ရက်တွင် တယ်လီဖုန်းဖြင့် မေးမြန်းရာ၌ ပြောသည်။

ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တချို့မှာ မိုးကြောင့်မေလဆန်းမှ စတင် ရပ်နားခြင်းများ
ရှိသော်လည်းဆက်လက်လုပ်ကိုင်နေသော လုပ်ကွက်များလည်းရှိကြောင်း၊ တစ်ပိုင်တစ်နိုင်
ရှာဖွေသူများ၊ ရေမဆေး ရှာဖွေသူများလည်း ရှိနေသဖြင့် မိုးတွင်း၌လည်း ဖားကန့်တွင်ပင် ဆက်လက်
အရောင်းအဝယ်လုပ်သွားမည်ဖြစ်ကြောင်း ဦးစိုးညွန့်က ပြောသည်။

''တစ်ပိုင်တစ်နိုင် လုပ်စားသူတွေလည်း အဆင်ပြေပြီး ကျောက်စျေးကွက်ကို ကောင်းစေချင်ပါတယ်။
တရားဝင်အခွန်ဆောင်ပြီး ပြည်တွင်းမှာ သယ်ခွင့် ရောင်းဝယ်ခွင့်ရချင်တယ်။ မှော်ထဲမှာက
ကျောက်အဖမ်းခံရရင် တစ်ပိုင်တစ်နိုင်သမားတွေ အရင်းအနှီးပျက်သွားသလို ဖြစ်တယ်'' ဟု
ဦးစိုးညွန့်က ပြောသည်။

ပွင့်ကောင်း ကျောက်မျက်ရောင်းဝယ်ရေးမှ ဦးသန်းဝင်းက ကျောက်စိမ်းစျေးကွက်ကောင်းလျှင်
အိမ်ခြံမြေကဲ့သို့ တခြားစျေးကွက် လည်ပတ်မှုများလည်း ကောင်းမွန်တတ်ကြောင်း၊ မန္တလေး
ကျောက်စိမ်းစျေးကွက်တွင် အရောင်းအဝယ် ဖြစ်နေသော်လည်း များစွာ မသွက်လက်ပဲ စျေးကောင်း
မရကြောင်း ပြောသည်။

''ကျောက်ထွက်တဲ့ မှော်တွေကနေ မန္တလေးလာတာတွေလည်း ရှိပါတယ်။ အရေးအကြီးဆုံးကတော့
တရားမဝင် ထွက်တာတွေက နိုင်ငံတော်အတွက် အခွန်မရဘူး။နယ်ခံတွေ အပါအဝင် သက်ဆိုင်ရာ
အာဏာပိုင်အဖွဲ့တွေက ထိထိရောက်ရောက် တားဆီးနိုင်မှ ရပါမယ်။ ပြည်ပကနေ မှော်ထဲဆင်းပြီး
တိုက်ရိုက်လာဝယ်နေကြရင် ပြည်တွင်းစျေးကွက်ပျက်မယ်။ ပြည်တွင်း ကျောက်စိမ်းစျေးကွက်
စီးဆင်းမှုက တရုတ်မှာ အများဆုံး အဆုံးသတ်ပါတယ်'' ဟု ဦးသန်းဝင်းက ယခုလ ၆ ရက်တွင်
ပြောသည်။

လက်ရှိတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ ၂ဝ၁၇ ခုနှစ်၊ (၅၄) ကြိမ်မြောက်
မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် သြဂုတ်
၂ ရက်မှ ၁၁ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း ဇွန် ၂ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။
ယခုပွဲမတိုင်မီ ပြီးခဲ့သော မတ်လ ၁၉ ရက်မှ ၂၄ ရက်အထိ နောက်ဆုံးအကြိမ်အဖြစ် ပြသရောင်း
ချထားကာ ကျောက်မျက်အတွဲ ၁၉၅ တွဲနှင့် ကျောက်စိမ်းအတွဲ ၄,၄၅၄ တွဲကို ပြသ ရောင်းချခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး