မန္တလေးတွင် မြို့တွင်းမောင်းနှင်နေသည့် မော်တော်ယာဉ်များကို သတ်မှတ်မိုင်နှုန်းထက်
ကျော်လွန်မောင်းနှင်မှုရှိမရှိကို Speed Metre (အမြန်နှုန်းတိုင်းမီတာ)ဖြင့်တိုင်းတာ၍
ယခုလအတွင်း စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ
တာဝန်ရှိသူက ပြောသည်။
မန္တလေးခရိုင်အတွင်း ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားသော မြို့နယ်များတွင် အဓိကထား၍
စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်ကာ ရှောင်တခင် စစ်ဆေးခြင်းများ၊ အဖွဲ့လိုက် ပူးပေါင်း
စစ်ဆေးခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြို့တွင်း မောင်းနှင်နေသည့် ယာဉ်များကို
သတ်မှတ်မိုင်နှုန်း စစ်ဆေးအရေးယူခြင်းသည်ပထမဆုံး ဆောင်ရွက်ခြင်းဖြစ်ကြောင်း
တိုင်းဒေသကြီးယာဉ်မှုစစ်ဌာနမှ ဒုရဲအုပ် သုတမောင်က ယခုလ ၅ ရက်တွင် ပြောသည်။
''မြို့တွင်းမှာ သတ်မှတ်မိုင်နှုန်းတွေထက် ကျော်လွန်မောင်းနှင်တဲ့ မော်တော်ယာဉ်တွေကတော့
မော်တော်ယာဉ် ဥပဒေအတိုင်း ဆက်လက် အရေးယူဆောင်ရွက်သွားပါမယ်။ ပထမဆုံး
ကတော့ ဒဏ်ငွေလောက်ပဲ ဖြစ်ပါမယ်။ တစ်ခါကျူးလွန်မယ်၊ နှစ်ခါကျူးလွန်မယ်ဆိုရင်တော့
ဥပဒေအတိုင်း ထောင်ဒဏ်တွေကျခံရပါမယ်။ သတ်မှတ်မိုင်ထက် ကျော်လွန်ရင် Over speed
လို့ သတ်မှတ်ထားပြီး က.ည.န မှာ ကားနံပါတ်ကို မှတ်ထားမယ်။ သက်တမ်းတိုးခွင့်ကို
ပိတ်ထားပါမယ်။ ကျွန်တော်တို့ဆီမှာ ပြစ်ဒဏ်ကို ခံယူပြီးမှ သက်တမ်းတိုးခွင့် ပေးသွားပါမယ်'' ဟု
၄င်းက ပြောသည်။
ယခု ၄ ရက်မှ စတင်ကာ ၁ဝ ရက်ခန့်ကို အမြန်နှုန်းတိုင်းမီတာဖြင့် တိုင်းတာမည့် ယာဉ်ထိန်း
တပ်ဖွဲ့ဝင်များ စက်ဖြင့် တိုင်းတာခြင်းကို လေ့လာသည့်အနေဖြင့် ပညာပေးကာလ
သတ်မှတ်ပေးထားပြီး အရေးယူမှုများကိုပညာပေးကာလ ကျော်လွန်ပါက ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ညပိုင်းများကိုပါ စစ်ဆေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု ၄င်းက
ပြောသည်။
မြို့တွင်း၌ မောင်းနှင်နေသည့် မော်တော်ယာဉ်များကို တစ်နာရီ မိုင် ၃ဝ၊ ကီလိုမီတာအနေဖြင့်
တစ်နာရီ ၄၈ကီလိုမီတာ သတ်မှတ်ထားပြီး ၄င်းမီတာများထက် ကျော်လွန် မောင်းနှင်ပါက
အရေးယူခံရမည်ဖြစ်သည်။
''ဒီစက်ကလေးမှာ ကင်မရာလေးတွေ တပ်ထားမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒါဆို
ကားတွေကလည်း ငြင်းလို့မရတော့ပါဘူး။ မောင်းသွားတဲ့ ပုံရိပ်ကို ဖမ်းထားနိုင်တာပေါ့''ဟု
ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
အမြန်နှုန်းတိုင်းမီတာများကို အထက်မြန်မာပြည်အတွက် ၂၆ လုံးပေးထားပြီး မန္တလေးခရိုင်အတွက်
၁၄ လုံး ပေးထားသည်။
''မြို့တွင်းသွား ကားတွေဆိုရင် အိမ်စီးကားတွေအပြင် လိုင်းကားတွေကိုလည်း စစ်ဆေးပေးစေ
ချင်တယ်။ ၈၄ လမ်းပေါ်ဆိုရင် လိုင်းကားတွေက မောင်းချင်သလို မောင်းနေကြတာတွေ ရှိပါတယ်။
ခဏအတွက်မဟုတ်ပဲ ပုံမှန်လေးတော့ ဆောင်ရွက်ပေးစေချင်တယ်။ ဒါမှလည်းအမြဲတမ်း
လုပ်နေတဲ့အတွက် မောင်းနှင်သူတွေက ပိုမိုသတိထားမိမယ် ထင်ပါတယ်'' ဟု ချမ်းမြသာစည်မြို့နယ်
နေထိုင်သူတစ်ဦးက မှတ်ချက်ပြုသည်။
မန္တလေးတိုင်းတွင် ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ယာဉ်တိုက်မှုပေါင်း ရ၈ဝ ကျော် ရှိခဲ့ပြီး
အဆိုပါယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် သေဆုံးသူ ၂၆ဝကျော် ရှိခဲ့ကာဒဏ်ရာရရှိသူပေါင်း
၁,၂ဝဝ ကျော်ရှိခဲ့သည်။
















