မန္တလေးတိုင်းဒေသကြီးအတွင်း မှုခင်းကျဆင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းစဉ်ခြောက်ရပ် ချမှတ် လုပ်ဆောင်နေ

မန္တလေးတိုင်းဒေသကြီးအတွင်း မှုခင်းကျဆင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းစဉ်ခြောက်ရပ် ချမှတ် လုပ်ဆောင်နေ

 

မန္တလေးတိုင်းဒေသကြီးအတွင်း မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မဟာဗျူဟာရေးဆွဲ
ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းစဉ်ခြောက်ရပ် အစီအမံရေးဆွဲ လုပ်ဆောင်နေကြောင်း မန္တလေးတိုင်း
ဒေသကြီး အစိုးရအဖွဲ့လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းအောင်က မေ ၃ဝ ရက်က
အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သော မန္တလေးတိုင်းဒေသကြီး အစိုးရသက်တမ်း တစ်နှစ်တာအတွင်း
လုပ်ဆောင်ချက်များ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် ခြောက်ရပ် ချမှတ်ပြီး လုပ်ဆောင်ရာတွင် အသိပညာပေးခြင်း၊
ကြိုတင်ကာကွယ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများ၊ စဉ်ဆက်မပျက် စောင့်ကြည့် လေ့လာခြင်းများ၊
တပ်ဖွဲ့ဝင်များ စွမ်းရည်မြှင့်တင်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း အစရှိသည်တို့ကို ကြိုတင်လုပ်ဆောင်
ထားကြောင်း ဝန်ကြီးက ဆိုသည်။

''ချမှတ်ထားတဲ့ လုပ်ငန်းစဉ်ခြောက်ရပ်ကို မြေပြင်မှာ အကောင်အထည်ဖော်တဲ့အခါ သက်ဆိုင်ရာ
တာဝန်ရှိသူတွေနဲ့ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်သလို တရားခံပြေးတွေကို ဖမ်းဆီးရမိဖို့
ဆိုတာကလည်း အဓိကအကြောင်းရင်းထဲမှာ ပါဝင်နေတဲ့အတွက် စီမံချက်တစ်ခုအနေနဲ့ ရေးဆွဲ
ဆောင်ရွက်နေပါတယ်။ တစ်ဖက်ကလည်း လောင်းကစားမှုတွေကို ဖမ်းဆီးရမိဖို့ အရေးကိုလည်း
စီစဉ်ရပါတယ်။ ဒါ့ပြင် တိုင်းရဲတပ်ဖွဲ့မှူးရုံး စင်တာကနေ တစ်မြို့လုံးမှာ တပ်ဆင်ထားတဲ့ကင်မရာတွေကို
၂၄ နာရီ စောင့်ကြည့်၊ထူးခြားမှုတွေ ရှိလာမယ်ဆိုရင် ပြည်သူတွေရဲ့လုံခြံုရေး ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်းတွေကအစ တားဆီး ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်'' ဟု ဗိုလ်မှူးကြီး
မျိုးမင်းအောင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင်သူ ပြည်သူများနှင့် တိုင်းဒေသကြီးအတွင်း တာဝန်ထမ်း
ဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်အချိုးမှာ ၁ း ၁,၄၁၁ ဦးဖြစ်နေပြီး နိုင်ငံတကာစံချိန်အရ ၁ း ၄ဝဝ ဦးသာ
ဖြစ်သည့်အတွက် တပ်ဖွဲ့ဝင်အင်အား လိုအပ်ချက်များလည်း ရှိနေသဖြင့် ပြည်သူများကလည်း
ပူးပေါင်းပါဝင်ကြပါရန် လိုအပ်ကြောင်း ၄င်းက ဆိုသည်။

မန္တလေးမြို့တော် လုံခြံုရေးနှင့် မှုခင်းကျဆင်းရေးအတွက် စီမံဆောင်ရွက်ရာတွင် စည်းသုံးစည်း
သတ်မှတ်ကာ မြို့ဝင် စစ်ဆေးရေးဂိတ်များကို သတ်မှတ်ထားကာ ပိတ်ဆို့စစ်ဆေးရှာဖွေမှုများကို
လုပ်ဆောင်နေကြောင်း၊ မန္တလေးခရိုင် ခုနစ်မြို့နယ်ကို ဗဟိုစည်း သတ်မှတ်ကာ အထင်ကရ
နေရာများကိုလည်း စောင့်ကြည့်ကင်မရာများထပ်မံတပ်ဆင်သွားမည်ဖြစ်ပြီး ရပ်ကင်းလှည့်ကင်းများ
ကိုလည်း တိုးချဲ့ကာ လုပ်ဆောင်နေကြောင်းနှင့် ကျောက်ဆည်နှင့်ပြင်ဦးလွင်ခရိုင်တို့ကို အတွင်းစည်း
အဖြစ်သတ်မှတ်ထားကာ အခြားခရိုင်များကိုအပြင်စည်းအဖြစ် သတ်မှတ်ပြီး ကြိုတင်ကာကွယ်မှုများ
လုပ်ဆောင်နေသည်ဟု၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး