မန္တလေးမြို့မှာ အရင်က အတွေ့ရနည်းတဲ့ပီဇာဆိုင်လေးတွေကို အခုနောက်ပိုင်းမှာ အတွေ့ရများလာ
ပါတယ်။ ပီဇာကိုသာ အထူးသီးသန့် ရောင်းချတဲ့ ဆိုင်မျိုး နည်းပါးပြီး တခြားမုန့်တွေ၊ အဖျော်
ယမကာတွေနဲ့ တွဲဖက်ရောင်းချတဲ့ ဆိုင်မျိုးတွေသာ အတွေ့ရများခဲ့ရာကနေ အခုအခါမှာတော့
ပီဇာအရသာအမျိုးမျိုးကို အသားပေး ရောင်းချနေတဲ့ဆိုင်တွေ အလျှိုလျှို ပေါ်ထွက်လာပါတယ်။
ပီဇာကို တချို့က မြန်မာခံတွင်းနဲ့မကိုက်လို့ မကြိုက်ဖူးဆိုသူတွေ ရှိပေမဲ့ တကယ့်ပီဇာရဲ့ အရသာကောင်းကို
မြည်းစမ်းဖူးတဲ့နောက်မှာ ပီဇာအရသာကို စွဲမက်နေကြသူတွေလည်း အများသားပါ။ ပီဇာကို ရရချင်း
ပူပူနွေးနွေးစားမှ အရသာအပြည့်ရတာ၊ ဇွန်းတွေ ခက်ရင်းတွေ မသုံးဘဲ လက်နဲ့ပဲ အားရပါးရစားတာ၊
ပီဇာမုန့်သားရဲ့ နူးညံ့နေမှုနဲ့ သူနဲ့ ရောစပ်ထားတဲ့ချိစ်၊ အသား စတာတွေရဲ့ တွဲစပ်နေမှုအပေါ်မူတည်ပြီး
ပီဇာအပေါ် အမှတ်ပေးတာတွေကို ပီဇာနှစ်သက်သူတွေက လုပ်လေ့ရှိကြပါသေးတယ်။

မင်္ဂလာမန္တလေး ဧရိယာအတွင်း ဖွင့်လှစ်လိုက်တဲ့ The Pizza Company ကတော့ပီဇာချစ်သူတွေ
အကဲဖြတ်လို့ကောင်းမယ့်ပီဇာအမျိုးမျိုး ရနိုင်ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဒီဆိုင်ကို ရောက်သွားရာမှာ
ဆိုင်အတွင်း အခင်းအကျင်းကလည်း စိတ်ကျေနပ်စရာပါပဲ။ ဆိုင်အောက်ထပ်မှာလူပြည့်နေလို့
အပေါ်ထပ်မှာပဲ ထိုင်ဖြစ်ပါတယ်။ ဆိုင်အောက်ထပ်ရော၊ အပေါ်ထပ်မှာပါ ဆင်ထားတဲ့ မီးဒီဇိုင်း၊
ပန်းချီကားတွေနဲ့ စားပွဲထိုင်ခုံတွေကလည်း သူငယ်ချင်းအဖွဲ့နဲ့ဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ် ထိုင်လို့
အဆင့်မီ အဆင်ပြေပြီး သပ်ရပ်သန့်ရှင်းပါတယ်။
ပီဇာတွေကတော့ အမျိုးအစားအစုံပါပဲ။ ပင်လယ်စာတွေနဲ့ ပြုလုပ်ထားတဲ့ Tom Yum Kung, Seafood
Cocktail, Tropical Seafood, Shrimp Cocktail တို့ ရနိုင်သလို အခြား ပါဝင်ပစ္စည်းအမျိုးမျိုးနဲ့
အရသာအမျိုးမျိုး ပီဇာတွေလည်း ရှိတာကြောင့် ပီဇာချစ်သူတွေ စိတ်ကြိုက် ရွေးနိုင်ကြမှာပါ။
ဒီပီဇာတွေကို Pan, Crispy Thin, Extreme, Extra Cheesy Sausage Bites စသဖြင့်
အမျိုးအစားနဲ့ အရွယ်အစား အသေး၊ အလတ်၊ အကြီးအလိုက် စျေးနှုန်းတွေ ခွဲခြားထားပါတယ်။
စျေးနှုန်းတွေကတော့ အနိမ့်ဆုံး ကျပ် ၆,ဝဝဝ ဝန်းကျင်အနေ အမြင့်ဆုံးကျပ် ၂ဝ,ဝဝဝ ကျော် ရှိပါတယ်။

ကျွန်တော်ကတော့ Double Pepperoni ပီဇာအရွယ်အလတ်ကို မှာလိုက်ပြီး ကျပ် ၉,၇ဝဝပါ။
မုန့်ရောက်လာတဲ့အခါ လူကြီးသုံးယောက်ကောင်းကောင်း စားလောက်တာကြောင့်မဆိုးဘူးလို့
တွေးမိပါတယ်။ နူးညံ့တဲ့ ပီဇာမုန့်သား၊ အတွင်းထဲက ဝက်အူချောင်းအရသာတွေက စားပြီး လျှာပေါ်
စွဲကျန်နေတဲ့အခါ ပေးရတဲ့စျေးက တန်ပါတယ်လို့ မှတ်ချက်ပြုမိပါတယ်။
စားရတာနဲ့ စျေးနှုန်းက တန်ပေမဲ့ တနင်္ဂနွေအားလပ်ရက်ဖြစ်တာကြောင့်လား မသိပါဘူး၊ ပီဇာရဖို့
တစ်နာရီလောက် စောင့်လိုက်ရပါတယ်။ အချိန်စောင့်လိုက်ရတာကလွဲပြီးပါစတာ၊ အအေး၊ ကော်ဖီ၊
အာလူးကြော်၊ ကြက်သားချောင်းကြော် စတဲ့ အမည်စုံလည်းရနိုင်တာကြောင့် အရသာကောင်းအတွက်
မြည်းစမ်းကြည့်သင့်တယ်လို့ အကြံပြုချင်ပါတယ်။
















