အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေးဥပဒေကြမ်း လွှတ်တော်သို့တင်မည်

အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေးဥပဒေကြမ်း လွှတ်တော်သို့တင်မည်

အင်းလေးကန်ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အင်းလေးကန်ထိန်းသိမ်းကာကွယ်ရေး 
ဥပဒေမူကြမ်းကို မကြာမီပြန်လည်စတင်တော့မည့် ရှမ်းပြည်နယ် လွှတ်တော်သို့ ပေးပို့သွား
မည်ဖြစ်ကြောင်း အဆိုပါ ဥပဒေကြမ်းရေးဆွဲရာတွင် အရပ်ဘက်အဖွဲ့အစည်းအနေဖြင့် 
ပါဝင်ဆောင်ရွက်ခဲ့သူ ဦးမြတ်မင်းစိုးကဇွန် ၅ ရက်က ဆိုသည်။

၂ဝဝ၆ အောက်တိုဘာလကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး ရေးဆွဲညှိနှိုင်းမှုအကြိမ်ပေါင်း
ငါးကြိမ်တိုင်တိုင် ဆောင်ရွက်ပြီးခဲ့ပြီးဖြစ်ကာ ယခုအချိန်တွင် လွှတ်တော်သို့ပေးပို့ရန်သာ
ကျန်ရှိတော့ကြောင်း ၄င်းကဆိုသည်။

''အဓိကကတော့ အင်းလေးကို ထိထိရောက်ရောက် ထိန်းသိမ်းဖို့ရာအတွက် ရှိတဲ့ဥပဒေ
တွေက မခိုင်မာလို့ရယ်၊ ခေတ်နဲ့မလျော်ညီတော့တာရယ်ကြောင့် အခုလိုရေးဆွဲဆောင်ရွက်
ဖြစ်တာပါ။ ဥပမာဆိုရင် အင်းလေးကန်က ဘေးမဲ့တော သားငှက်ထိန်းသိမ်းရေးဥပဒေ
အောက်မှာအကျုံးဝင်တဲ့အတွက် ဒေသခံတွေ အိမ်ရာထပ်ဆောက်ဖို့ ဆောင်ရွက်လို့မရပေမဲ့
အခြားနယ်ကသူတွေ ဟိုတယ်လာဆောက်တာမျိုးတွေ ရှိတဲ့အတွက် မညီမျှမှုတွေ တွေ့နေ
ရတယ်။ အဲဒါကြောင့် အင်းလေးကန်အတွက် ဥပဒေလိုအပ်တာဖြစ်ပါတယ်။ နောက်ပြီး
ဦးသိန်းစိန်လက်ထက်က အင်းလေးကန်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းထားခဲ့ပြီး ဥပဒေရေးဆွဲဖို့
စီစဉ်ထားခဲ့ပြီး မရေးဆွဲဖြစ်တာကြောင့်အခုလို ရေးဆွဲဆောင်ရွက်ဖြစ်ခဲ့တာပါ''ဟု
အင်းလေးကန်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစုပေါင်းအဖွဲ့မှဦးမြတ်မင်းစိုးက
မြန်မာတိုင်း(မ်) ကို ပြောသည်။

အဆိုပါဥပဒေကြမ်းတွင် အခန်းကိုးခန်းပါဝင်ပြီး အနက်ဖွင့်ဆိုချက်နှင့်အတူ လုပ်ဆောင်
ရမည့်အခန်းကဏ္ဍများပါဝင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ
ပါဝင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။

ရှမ်းပြည်နယ် ညောင်ရွှေရှိ အင်းလေးသည် ကမ္ဘာလှည့်ခရီးသွားတို့ အဓိကလည်ပတ်ရာ
နေရာတစ်ခုဖြစ်ပြီး တစ်နှစ်လျှင်ခရီးသွား သိန်းချီအလည်အပတ်ရောက်ရှိရာ နေရာတစ်ခု
လည်းဖြစ်ကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များနှင့်ရင်ဆိုင်ဖြေရှင်းနေရသောနေရာ
တစ်ခုလည်း ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး