မန္တလေးဆိပ်ကမ်း အဆင့်မြှင့်တင်ရေး ဒေါ်လာ ၃၈ သန်း အသုံးပြုမည်

မန္တလေးဆိပ်ကမ်း အဆင့်မြှင့်တင်ရေး ဒေါ်လာ ၃၈ သန်း အသုံးပြုမည်

 

ရေလမ်းကြောင်းကုန်သွယ်မှု မြင့်မားလာစေရန်အတွက် လက်ရှိအသုံးပြုနေသည့်မန္တလေးဆိပ်ကမ်းကို
အမေရိကန်ဒေါ်လာ၃၈ သန်း အကုန်အကျခံ၍ ဆိပ်ကမ်း အဆင့်မြှင့်တင်လုပ်ငန်း ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က
ပြောသည်။

မန္တလေးဆိပ်ကမ်း အဆင့်မြှင့်တင်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ
(ဂျိုက်ကာ) ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဆိပ်ကမ်းအဆင့်မြှင့်တင်နိုင်ရန်
ဖြစ်နိုင်ခြေရှိသည့် အဆိုပြုနေရာ ငါးခုအနက် ရွှေကြက်ယက်ကျေးရွာအနီးရှိ ရွှေလှံဗိုလ်ဘုရား
အနီးတွင် ဆိပ်ကမ်းအဆင့်မြှင့်တင်နိုင်ရန် နေရာသတ်မှတ်ပေးထားပြီး လေ့လာမှုများ
ဆောင်ရွက်နေပြီဖြစ်ကြောင်း ၄င်းက မြန်မာတိုင်း(မ်)ကို မေ ၃၁ ရက်တွင် ပြောသည်။

''ရွှေလှံဗိုလ်ဘုရားနားက နေရာကိုသတ်မှတ်ပေးလိုက်တယ်။ လေ့လာမှုတွေကိုလည်း စတင်လုပ်
ဆောင်နေပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆိပ်ကမ်း စနစ်တကျ အဆင့်မြှင့်တင်နိုင်ဖို့အတွက်
အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းဆောင်ရွက်နေပါတယ်။ အခုလောလောဆယ် ဆိပ်ကမ်းတစ်လျှောက်မှာ
မြေယာပြဿနာလေးတွေရှိနေတဲ့အတွက် အဲဒါလေးတွေကိုလည်းဖြေရှင်းဆောင်ရွက်ဖို့ ကြိုးစားနေပါ
တယ်''ဟု ဦးဇာနည်အောင်က ပြောသည်။

တိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ဆိပ်ကမ်းများ စနစ်တကျ ဖြစ်စေရန်
အတွက် ဆိပ်ကမ်းကြီးကြပ်ရေးကော်မတီအား ဖွဲ့စည်းထားပြီး တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့်
ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည်။

တိုင်းဒေသကြီးတွင် လက်ရှိ အသုံးပြုနေသော ဆိပ်ကမ်းမှာ ၂ ဒသမ ၈ မိုင် ရှည်လျားပြီး
အဆင့်မြှင့်တင်မည့် ဆိပ်ကမ်းသည် ဧက ၃၂ ဧကခန့် ကျယ်ဝန်းမည်ဖြစ်သည်။

''ရေလမ်းကြောင်းကနေ ကုန်သွယ်မှုပြုလုပ်နေတဲ့ ဧရာဝတီမြစ်ကြောင်းနဲ့ ချင်းတွင်းမြစ်ကြောင်း
တစ်လျှောက်မှာ ဆိပ်ကမ်းကြီးငယ်ပေါင်း ၄ဝဝ ကျော်ရှိပါတယ်။ကုန်တင်ကုန်ချအတွက် အရေးပါတာက
ဆိပ်ကမ်း ၁၆ ခု လောက်ရှိတယ်။ အဲဒီထဲမှာမန္တလေးဆိပ်ကမ်းလည်း ပါဝင်ပါတယ်။ နောက်
ကုန်သွယ်မှုအရလည်း မန္တလေးမြို့က အချက်အချာ ကျပါတယ်။ မန္တလေးမြို့ကနေတစ်ဆင့်
အခြားမြို့တွေကို ဆက်လက်ကုန်သွယ်မှု ပြုလုပ်ရပါတယ်။ အဲဒါကြောင့်မန္တလေးဆိပ်ကမ်း
အဆင့်မြှင့်တင်ဖို့ကလည်း တကယ်အရေးပါတယ်'' ဟုဦးဇာနည်အောင်က ဇန်နဝါရီလက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး