မန္တလေးမြို့ရှိ ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေး တွဲဖက်အထက်တန်းကျောင်းသည် ၂ဝ၁၇
ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်ခံရကြောင်း အဆိုပါကျောင်းအုပ်ဆရာတော် ဦးနာယက
ယခုလ ၅ ရက်ကမိန့်သည်။
''ဦးဇင်းကို ပြီးခဲ့တဲ့လ အကုန်လောက်က မိန့်ကြားတယ်။ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရတယ်ဆိုတဲ့
အကြောင်းကို အမေရိက ကနေဦးဇင်းတို့ကျောင်းကို လှမ်းပြီး အကြောင်းကြားမှ ဆုရမှန်း
သိတာပါ။ အခုလို ဆုရရှိတဲ့အတွက် နောက်ထပ် ခြေလှမ်းတွေလှမ်းဖို့အတွက် အားရှိတာပေါ့'' ဟု
ဆရာတော်ဦးနာယက ကမိန့်သည်။
အဆိုပါဆု ရရှိခြင်းကို မေ ၂၈ ရက်ကအမေရိကန်ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ်တွင်
ကျင်းပခဲ့သည့် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ကြေညာခဲ့ခြင်းဖြစ်ပြီး၊ ယခုလ
၄ ရက်က အဆိုပါဆုကို ရန်ကုန်မြို့တွင် လက်ခံယူပြီးဖြစ်ကြောင်း ဆရာတော်ထံမှ သိရသည်။
၂ဝ၁ဝ မှ စကာ အဆိုပါဆုကို လူမှူရေးလုပ်ငန်းများတွင် ထူးထူးချွန်ချွန် ဆောင်ရွက်နေသူများအား
ရွေးချယ်ပြီး ချီးမြှင့်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါဆုကို
ပထမဆုံးအကြိမ်ရရှိခြင်းဖြစ်ကြောင်း သိရသည်။
''ဆုရတဲ့ ငွေကြေးကိုလည်း ပညာရေးရန်ပုံငွေထဲကို ထည့်ပြီး အသုံးပြုသွားမှာပါ။ ပညာရေးကို
ပိုပြီး ပြောင်းလဲရန်အတွက်လည်း ပိုပြီး ကြိုးစားသွားမှာပါ'' ဟု ဦးနာယက က မိန့်သည်။
ဖောင်တော်ဦးကျောင်းဆရာတော်သည် ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိခြင်းမတိုင်မီ ၂ဝ၁၅ ခုနှစ်က
Varkey Foundation မှပေးအပ်သည့် ကမ္ဘာ့လုံးဆိုင်ရာ ဆရာဆု (Global Teacher Prize)
ဆန်ခါတင် ၅ဝ ဦးစာရင်းတွင် ပါဝင်ခဲ့သည်။
''မန္တလေးမှာ ကျောင်းတက်ဖို့ အခက်အခဲရှိတဲ့ မိဘတွေဆိုရင် ဖောင်တော်ဦးကျောင်းကို
အားကိုးရတယ်။ ကုန်ကျစရိတ်ဆိုတာလည်း မရှိဘူး။ စာသင်ကြားပေးတဲ့ ပုံစံကလည်း
ကောင်းမွန်တယ်။ နှစ်တိုင်း ဂုဏ်ထူးထွက်တဲ့ကျောင်းသားတွေဆိုတာ ရှိတယ်။ မိဘမဲ့လေးတွေ
ဆိုရင်လည်း အားငယ်စရာ မရှိဘူး။ ဘုန်းဘုန်းက အကုန်ကူညီပေးထားတယ်။ အခုလိုဆုရတော့
မန္တလေးမြို့ပါ ဂုဏ်တက်စေတယ်။ ဘုန်းဘုန်းအနေနဲ့လည်း ပညာရေးတိုးတက်ဖို့ လုပ်နေတဲ့
စိတ်တွေကို ပိုပြီးအားရှိသွားစေတယ်။ အခုလို ရတာလည်း တကယ်ကို ရသင့်ပါတယ်'' ဟု
မန္တလေးမြို့မှ ကျူရှင်ဆရာတစ်ဦးဖြစ်သူ ဦးအောင်မျိုးခိုင်က ပြောသည်။
ပြည်သူ့ဂုဏ်ရည်ဆု ရရှိသည့် ဖောင်တော်ဦးကျောင်း ဆရာတော်သည် ဖောင်တော်ဦးဘုန်းတော်ကြီး
သင်ပညာရေးကျောင်းကို၁၉၉၃ ခုနှစ်မှ စတင်ကာ ကျောင်းသား ၄ဝဝနှင့် စတင်ဖွင့်လှစ်သင်ကြား
ပေးခဲ့ပြီး၊ ပြီးခဲ့သည့်နှစ်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း၈,ဝဝဝ ကျော်ကို အခမဲ့ သင်ကြားပေး
ခဲ့သည်။















