မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံး(ဗဟို)က ယခုနှစ် သဘင်ရာသီအတွက်
စည်းကမ်းချက် ၁ဝ ချက် ထုတ်ပြန်ခဲ့သည့်အနက်မှ စည်းကမ်းချက်အချို့ကို အထက်မြန်မာပြည်
ဆိုင်းပညာရှင်များက လက်ခံလိုခြင်း မရှိဘဲ ကန့်ကွက်မည်ဖြစ်ကြောင်း ယခုလ ၆ ရက်က
ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
စည်းကမ်းချက် ၁ဝ ချက်အနက် နံပါတ် (၁)စည်းကမ်းချက်ဖြစ်သည့် မြန်မာ့ဆိုင်းဝိုင်းနှင့်အပ်စပ်မှု
မရှိသော ဒရမ်စက်၊ လိဒ်ဂစ်တာ၊ ဘေ့စ်ဂစ်တာများကို (လုံးဝ) ထည့်သွင်းတီးခတ်ခြင်းမပြုရဆိုသည့်
အချက်ကို လုံးဝကန့်ကွက်ကြခြင်းဖြစ်ပြီး အခြားသော စည်းကမ်းချက်များမှာလည်း ထုတ်ပြန်စရာ
မလိုအောင်ပင် လက်ရှိ ကျင့်သုံးလိုက်နာနေကြသည့် အချက်များဖြစ်သည်ဟု အထက်မြန်မာပြည်
အမျိုးသား/အမျိုးသမီး ဆိုင်းပညာရှင်များက ဆိုသည်။
''ဒီမိုကရေစီနိုင်ငံတော်အဖြစ် ကျင့်ဆောင်နေတဲ့အချိန်မှာ ကျွန်တော်တို့ သဘင်ပညာရှင်များ
အစည်းအရုံးက ဗဟို ဦးစီးစနစ်တွေနဲ့ပေါ်လာတဲ့ စည်းကမ်းချက်တွေဟာ ကောင်းတာတွေ ပါသလို
မလိုက်နာနိုင်တဲ့ အချက်အလက်တွေလည်း ပါနေပါတယ်။ ဒါကြောင့်လူငယ်တွေက သူတို့ကျင့်သုံးနေရတဲ့
ဘဝတွေကိုပြောခြင်းဖြစ်ပါတယ်'' ဟု မြန်မာ့ဆိုင်းပညာရှင် ဦးစိန်တင့်လွင်က ပြောသည်။
စည်းကမ်းချက်များတွင် ခေတ်ပေါ်တေးသီချင်းများကို ကီးဘုတ် အသုံးပြု၍ အချိန်ကာလ
အပိုင်းအခြားအားဖြင့် ဖျော်ဖြေပွဲတစ်ပွဲလျှင် တစ်နာရီသာ ဖျော်ဖြေခွင့်ပေးပြီးညဉ့် တစ်နာရီ
နောက်ပိုင်းတွင် ခေတ်ပေါ်တေးသီချင်းများ ဖျော်ဖြေခြင်း မပြုရ၊ ဗြော၊ရေခင်း၊ ပတ်မချီ၊
ဒိုးဒယား၊ ကရောင်ချီ၊ခုနစ်သံချီများကို ကီးဘုတ်ဖြင့် တီးခတ်ခြင်းမပြုလုပ်ရ၊ ခေတ်ပေါ်အနောက်တိုင်း
အကများ လုံးဝ ကပြဖျော်ဖြေခြင်းမပြုရနှင့် နတ်ဆိုင်းများ သမားစဉ်အတိုင်းသာ တီးခတ်ရမည်ဖြစ်ပြီး
၃၇ မင်း နတ်ချော့တေးများမှအပ ခေတ်ပေါ်တေးသီချင်းများ သီဆိုတီးမှုတ်ခြင်းလုံးဝ မပြုလုပ်ရနှင့်
နတ်ကနားပွဲများအနေဖြင့် (မည်သည့်အရပ်ဒေသ၌မဆို) ည ၉ နာရီထက် ကျော်လွန်၍ သီဆို
တီးမှုတ် ကပြခြင်းမပြုရနှင့် ပဒေသာ သံစုံတီးဝိုင်းများတွင် ဆိုင်းဝိုင်းကြီး လုံးဝ မထည့်ရ အစရှိသည်တို့
ပါဝင်သည့် စည်းကမ်းချက် ၁ဝ ချက်ကို ၂ဝ၁၇ ခုနှစ်၊ မေ ၂၃ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသော
ဂုဏ်ထူးဆောင် မြန်မာ့ဆိုင်းပညာရှင်ကြီးများနှင့်တကွ လူဦးရေ ၂၄ဝ ကျော် တက်ရောက်သည့်
အောက်မြန်မာပြည်ဆိုင်းပညာရှင်များ ဆွေးနွေးပွဲတွင် အတည်ပြုသဘောတူညီခဲ့သည်။
''မြန်မာ့ရိုးရာ ဆိုင်းဝိုင်းတွေကို ထိန်းသိမ်းတဲ့နေရာမှာ ဒရမ်စက်၊ လိဒ်ဂစ်တာ၊ ဘေ့စ်ဂစ်တာတွေ
မပါရုံနဲ့ မလုံလောက်ပါဘူးဆိုတာကို ပြောချင်တာပါ'' ဟု မြစ်သားမြို့နယ်သဘင်ပညာရှင်များအဖွဲ့
ဥက္ကဋ္ဌ ဦးသောင်းညွန့်က ပြောသည်။
ရှင်းလင်းပွဲတွင် မြန်မာပြည်အထက်ပိုင်းရှိ မြို့များရှိ ဆိုင်းပညာရှင်များ၊ ခေတ်ပေါ် တူရိယာ
တီးခတ်နေကြသည့် လူငယ်များ၊ အမျိုးသမီး ဆိုင်းပညာရှင်များ တွေ့ဆုံကာ ဗဟိုမှထုတ်ပြန်
ထားသည့် စည်းကမ်းချက်များအတွက် ကျေနပ်မှုမရှိကြောင်း ပြောဆိုကြသည်။
''အခု ချမှတ်လိုက်တဲ့ စည်းကမ်းချက်တွေက အခု လုပ်ကိုင်စားသောက်နေတဲ့ သဘင်
အနုပညာရှင်တွေ သဘောတူညီမှုနဲ့ ချမှတ်ခဲ့တာလား၊ ဆန္ဒခံယူပြီးမှ ချမှတ်ခဲ့တာလားဆိုတာ
မေးချင်တယ်။ ဒါမှမဟုတ် လူနည်းစုရဲ့ ဆန္ဒတစ်ခုတည်းနဲ့ လုပ်ခဲ့ကြတာလား ဆိုတာလည်း
သိချင်ပါတယ်။ လုပ်ကိုင်ရှာဖွေစားသောက်နေကြတဲ့ အနုပညာရှင်တွေကရော အခုလို
တားမြစ်ချက်အပေါ်မှာ ကျေလည် လက်ခံကြလား၊ လက်မခံကြဘူးလားဆိုတာတွေလည်း
သိဖို့ လိုအပ်ပါတယ်။ ရိုးရာဆိုတာကို ထိန်းသိမ်းမယ်ဆိုရင် ဆိုင်းတစ်ခုတည်းကို မထိန်းသိမ်းပါနဲ့၊
သဘင်နဲ့ သက်ဆိုင်တဲ့ တခြား အဖွဲ့အစည်းတွေကိုပါ ထိန်းသိမ်းမှရမှာပါ'' ဟု စဥ့်ကိုင်မြို့နယ်မှ
ဆိုင်းပညာရှင် ဦးသူရိန်က ပြောသည်။
''အနုပညာဟာ ဂီတပညာပါ။ ဒီလိုအသံတွေ ထည့်မှသာ ခရီးရောက်မယ်လို့ ပြောချင်ပါတယ်။
ကျွန်တော်ကတော့ အခု တားမြစ်ထားတဲ့ပစ္စည်းတွေကို ထည့်ရမှာပါပဲ'' ဟု ဆိုင်းပညာရှင်တစ်ဦးက
ပြောသည်။
















