သဘာဝဘေးအန္တရာယ်ကျရောက်ရာ ဒေသများမှ ဘေးဒုက္ခကြုံတွေ့နေရသူများကို ပိုမိုကျယ်ပြန့်စွာ
ကူညီထောက်ပံ့ပေးသွားနိုင်ရန် သဘာဝဘေးတုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းသွားမည်
ဖြစ်ကြောင်း ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းမြင့်ကပြောသည်။
သဘာဝဘေးတုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့ကို ပြီးခဲ့သော ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လတွင် မန္တလေးမြို့ပေါ်
မြို့နယ် ခုနစ်မြို့နယ်မှ အသင်းအဖွဲ့ ၂၅ ဖွဲ့ပါဝင်ကာ ကယ်ဆယ် ထောက်ပံ့ထူထောင်ရေးများ
လုပ်ဆောင်ခဲ့ပြီးနောက် ယခုအခါ တိုင်းအတွင်းမှ အသင်းအဖွဲ့များ တိုးချဲ့ ပါဝင်လျက် ပိုမိုကျယ်ပြန့်စွာ
လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာသန်းထွန်းမြင့်က ပြောသည်။
"အခုအစည်းအဝေးမှာ တက်ရောက်လာတဲ့ အသင်းအဖွဲ့ပေါင်း ၈ဝ နီးပါးရှိပါတယ်။ ဒီအသင်းတွေ
အားလုံး စုစည်းပါဝင်လာအောင် စည်းရုံးလုပ်ဆောင်သွားမှာပါ။ ဌာနဆိုင်ရာတွေ အပါအဝင်
မိတ်ဖက်အဖွဲ့အစည်းတွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်"ဟု ဒေါက်တာသန်းထွန်းမြင့်က
ယခုလ ရ ရက်တွင် ဗြဟစိုရ်လူမှုကူညီရေးအသင်းရုံးတွင် ကျင်းပခဲ့သော သဘာဝဘေးတုန့်ပြန်
ဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းရေး အစည်းအဝေးတွင် ပြောသည်။
အဖွဲ့တွင် လုပ်ငန်းအဖွဲ့ ၁ဝ ခု ပါဝင်ဖွဲ့စည်းထားကာ ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့နှင့် စီမံခန့်ခွဲရေးအဖွဲ့တို့
ပူးပေါင်းပြီး ပုံမှန်လှူဒါန်းသွားမည့် အလှူရှင်များနှင့် အရေးပေါ်သဘာဝဘေးဖြစ်ပါက လှူဒါန်းမည့်
အလှူရှင်များကို ရှာဖွေသွားမည်ဖြစ်ကြောင်း ပြောသည်။
"အရေးပေါ်ကာလတင်မဟုတ်ပဲ ထူထောင်ရေးကာလ၊ တည်ဆောက်ရေးကာလတွေမှာပါ ကူညီပံ့ပိုး
ပေးသွားမှာပါ။ လိုအပ်တဲ့ ရန်ပုံငွေရှိမှ ဒီအလုပ်တွေဆက်လုပ်နိုင်မှာဖြစ်လို့ ဒုက္ခရောက်သူတွေကို
ကူညီပေးမယ့်သူတွေရဲ့ အကူအညီကိုလည်း မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံမှာလည်း သဘာဝဘေး
ကျရောက်မှုက တခြားနိုင်ငံတွေနဲ့အတူ ရှေ့တန်းရောက်လာတဲ့သဘော ရှိနေပါတယ်" ဟု
ဒေါက်တာသန်းထွန်းမြင့်ကပြောသည်။
အဖွဲ့အနေဖြင့် ပြီးခဲ့သော ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လမှ ဒီဇင်ဘာလဆန်းအထိ ဧရာဝတီတိုင်း
သာပေါင်းမြို့နယ်အတွင်းရှိ ရေဘေးကျရောက်သောဒေသများ၊ မန္တလေးတိုင်းအတွင်း ရေဘေး
ကျရောက်သော နေရာများ၊ ပုဂံတွင် ကျရောက်ခဲ့သော ငလျင်၊ စစ်ဘေးရှောင်များအား နေရပ်သို့
ပြန်လည်ပို့ဆောင်ခြင်း စသောကူညီထောက်ပံ့ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့်အပြင်
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ပူးပေါင်းကာ သဘာဝဘေးလျော့ပါးရေး
စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းများလည်းပေးခဲ့သည်။
















