မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အဝိုင်းပတ်အနီးရှိ သက်တမ်းရာချီ
ရှိနေသော ပြည်မင်းသားကျောင်းတိုက် (မဟာတုလွတ်ဘုံစံ ပြည်ကျောင်းတိုက်) ကို မြန်မာ
ဗိသုကာအမွေ အနှစ်ထိန်းသိမ်းရေးအဖွဲ့ (Myanmar Architectural Heritage
Organization Mandalay) မှ သုတေသနပြုထိန်းသိမ်းနေကြောင်း အဆိုပါအဖွဲ့မှ
ဒေါက်တာဇာခြည်မင်းက ပြောသည်။
သာယာဝတီမင်းကြီး၏သားတော် ပြည်မင်းသား လှူဒါန်းဆောက်လုပ်ခဲ့သော အဆိုပါ
သစ်သားကျောင်းမှာ သက်တမ်း ၁၇၈ နှစ်ရှိပြီဖြစ်ကာ ကျောင်းဆောင်၏ ၉ဝ ရာခိုင်နှုန်းမှာ
မူလရှေးဟောင်းလက်ရာမပျက် ရှိနေသေးကြောင်း ဒေါက်တာဇာခြည်မင်းက ဆိုသည်။
''သစ်သားနဲ့ပတ်သက်တဲ့ ရှေးဟောင်းအဆောက်အအုံတွေ မန္တလေးမှာ အများကြီးရှိတဲ့
အထဲမှာ ဒီကျောင်းကို ဘာကြောင့်ရွေးချယ်လုပ်သလဲဆိုတော့ လုံးဝနီးပါး မပြင်ရသေးတဲ့
အရာဖြစ်နေလို့ပါ။ နှစ်ပေါင်းရာချီရှိနေတဲ့ ဒီကျောင်းတိုက်ထဲက ရှေးဟောင်းဆင်းတုတော်
တွေ၊ စာတိုက်တွေရဲ့လက်ရာတွေကလည်း အရမ်းကောင်းနေတယ်။ ဘုရားဆောင်၊
သံဃာဆောင်တွေနဲ့ မြန်မာ့သစ်သားပညာရပ် လက်ရာရဲ့ သစ်သားအဆောက်အအုံ
တစ်လုံးမှာ ပါရမယ့်အခန်းတွေအလိုက် လေ့လာဖို့လည်း ကောင်းပါတယ်'' ဟု နည်းပညာ
တက္ကသိုလ် (မန္တလေး)မှ ပါမောက္ခဒေါက်တာဇာခြည်မင်းက ယခုလ ၆ ရက်တွင်ဆိုသည်။
ရှေးဟောင်းလက်ရာကို ထိန်းသိမ်းရခြင်းမှာ ပို၍လက်ဝင်ခက်ခဲပြီး သေချာစွာကိုင်တွယ်ရန်
လိုအပ်ကြောင်း၊ ယခုကျောင်းတိုက်တွင်ထူထပ်စွာ ရှိနေခဲ့သော ဖုန်ထုကို ဦးစွာရှင်းလင်းခဲ့
ရကာ ရေနံချေးသုတ်ခြင်း၊ ကြမ်းခင်းနှင့်တိုင်လုံးအဆက်များ ခိုင်ခံ့အောင်လုပ်ခြင်းတို့
လုပ်ဆောင်ထားပြီး တိုင်းတာရေးဆွဲ မှတ်တမ်းတင်ခြင်း ဆက်လက်လုပ်သွားမည်ဖြစ်
ကြောင်း၊ ယခုကဲ့သို့ မှတ်တမ်းထားရှိမှသာ နောင်တွင်ပြုပြင်ရန် လိုအပ်ပါက မူလလက်ရာ
မပျက်ယွင်းမည်ဖြစ်ကြောင်းနှင့် ယခုနှစ်ဆန်းမှစတင်၍ တစ်ဆင့်ချင်းလုပ်ဆောင်နေကြောင်း
ပြောသည်။
''ကျောင်းတိုက်ရဲ့အရှေ့ဘက်မှာ သန်းခေါင်ယံသိမ်လည်း ရှိနေပါတယ်။ မန္တလေးမှာ
ထင်ရှားတဲ့ ရှေးဟောင်းသိမ်လေးခု ရှိတယ်လို့မှတ်သားဖူးတာမှာ ဒီတစ်ခုလည်း
အပါအဝင်ပါ။ သက်ဆိုင်တဲ့ဆရာတော်တွေကိုလျှောက်ထားပြီး ဒီသိမ်ကိုလည်း ထုံးသင်္ကန်း
ပြန်ကပ်ပါမယ်။ တကယ်တော့ ဒီနေရာဟာ မြေယာပြုပြင်မှု ကောင်းကောင်းလုပ်ပြီး
ခရီးသွားတွေကိုဆွဲဆောင်သင့်တဲ့နေရာ ဖြစ်ပါတယ်။ ဘန်ကောက်က White Temple
အစား ဒါကိုကြည့်ရင်ရတယ်။ အတွင်းပိုင်း အလင်းပေးစနစ်တွေကလည်း အရမ်းကောင်း
တယ်''ဟု ဒေါက်တာဇာခြည်မင်းက ပြောသည်။
ဒေါက်တာဇာခြည်မင်းက 'ကုန်းဘောင်ခေတ် ကျွန်းသစ်သားဖြင့် ဆောက်လုပ်ထားသော
ရုပ်စုံဘုန်းတော်ကြီးကျောင်းများနှင့် ရှေးဟောင်းသစ်သား အဆောက်အအုံများ၏ ဗိသုကာ
ပိုင်းဆိုင်ရာ လေ့လာချက်များနှင့် ၄င်းအဆောက်အအုံများကို ရှေးမူမပျက်ရေရှည်ခံအောင်
သိပ္ပံနည်းကျထိန်းသိမ်းခြင်းတွင် ပူးပေါင်းဆောင်ရွက်ရန် နည်းပညာတက္ကသိုလ် (မန္တလေး)
နှင့်ဂျာမနီနိုင်ငံ TH Georg Agricola Bochum University တို့၂ဝ၁၃ ခုနှစ်၊ သြဂုတ်လတွင်
နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးထားကြောင်း၊ သို့သော် ယခုကျောင်းဆောင်
ထိန်းသိမ်းမှုမှာ သီးခြားလုပ်ခြင်းဖြစ်ကြောင်း ပြောသည်။
''ကျွန်မတို့အဖွဲ့ကို မြန်မာမှုတွေ သုတေသနပြုရေးနဲ့ ဖွံ့ဖြိုးရေး၊ ပညာပေးရေးတို့ကို
ရည်ရွယ်ပြီး ၂ဝ၁၆ မှာ ဖွဲ့စည်းခဲ့ပါတယ်။ ဗိသုကာပညာရပ်နဲ့ ဘွဲ့ရထားသူတွေ အပါအဝင်
ခုနစ်ဦးပါပါတယ်။ အဖွဲ့ကို ဗိသုကာပညာရှင်တစ်ဦးလည်းဖြစ်တဲ့ ဦးဇော်ဟိန်းက ပံ့ပိုးပေး
ပါတယ်။ ဒီကျောင်းဆောင်ပြီးရင် မုံရွေးကြေးမုံက ဦးကြင်ဥနေထိုင်ခဲ့တဲ့သစ်သားအိမ်ကို
ဆက်လေ့လာမှတ်တမ်းတင်ဖို့ စိတ်ကူးပါတယ်'' ဟု ၄င်းက ပြောသည်။
မန္တလေးမြို့ခံ ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုထွန်းထွန်းက မန္တလေးမြို့၌ ရွှေနန်းတော်၊
ရွှေအင်ပင်ကျောင်းနှင့် ရွှေကျင်တိုက်မကြီးတို့ကို နိုင်ငံခြားသားခရီးသွားများကို အဓိက
အားထားပြသနေရကြောင်း၊ ယခုထိန်းသိမ်းမှုများ ပြုလုပ်နေသည့် ပြည်မင်းသား
ကျောင်းတိုက်ကို ကြားဖူးနားဝရှိသော်လည်း မရောက်ဖူးသေးကြောင်း ပြောသည်။
''ရှေးဟောင်း ကျောင်းတိုက်တွေက သန့်ရှင်းသပ်ရပ်မှုရှိရင် နိုင်ငံခြားသားဧည့်သည်တွေကို
ပြသဖို့ပိုကောင်းပါတယ်။ ပြည်မင်းသားကျောင်းတိုက်က အခုလိုလက်ရာမြောက်တယ်
ဆိုရင် ဧည့်သည်တွေကိုဦးပိန်တံတားကို ပို့ပြီးတဲ့အခါ ပြည်မင်းသားကျောင်းတိုက်ကို
ဝင်ပို့လို့ရတယ်။ လည်စရာ နေရာအသစ်လည်း ဖြစ်လာနိုင်လို့ စိတ်ဝင်စားမိတယ်'' ဟု
ကိုထွန်းထွန်းက ယခုလ ၆ ရက်တွင် ပြောသည်။
















