လူထုကြီးပွားရေး စာအုပ်တိုက်ခွဲတွင် စာပေ၊ အနုပညာ စကားဝိုင်း၊ ဆွေးနွေးပွဲများ ကျင်းပမည်

လူထုကြီးပွားရေး စာအုပ်တိုက်ခွဲတွင် စာပေ၊ အနုပညာ စကားဝိုင်း၊ ဆွေးနွေးပွဲများ ကျင်းပမည်

 

အဆင့်မြင့်ပညာရေး၊ ဘွဲ့လွန်ကျောင်းသူ၊ ကျောင်းသားများ အလွယ်တကူလေ့လာမှတ်သား
နိုင်ရန်နှင့် မန္တလေးတက္ကသိုလ်ကြီးကို ကျေးဇူးဆပ်သည့်အနေဖြင့် မန္တလေးတက္ကသိုလ်
(ပင်မ) ဝင်းအတွင်းရှိ ရွှေမန်းလမ်းနှင့် ရူပလမ်းထောင့်တွင် လူထုကြီးပွားရေး စာအုပ်တိုက်
ခွဲကို ယခုလ ၂ ရက်ကဖွင့့်လှစ်ခဲ့ပြီး စာပေ၊ အနုပညာ၊ ရသ ဆွေးနွေးပွဲများကိုလည်း
ကျင်းပသွားမည်ဖြစ်ကြောင်း စာရေးဆရာလူထုဦးလှနှင့် လူထုဒေါ်အမာတို့၏သားဖြစ်သူ
စာရေးဆရာ ညီပုလေးက ဆိုသည်။

''ကျွန်တော့် အမေ (လူထုဒေါ်အမာ) က ဒီတက္ကသိုလ်ကြီးကို စတင်တည်ထောင်တဲ့
ဆရာကြီး ဦးကိုလေးတို့ ဆရာကြီးဦးရာဇတ်တို့ရဲ့တပည့်ဗျ။ မန္တလေးကောလိပ်ရော၊
မန္တလေးတက္ကသိုလ်ရဲ့ကျေးဇူးတွေ ကျွန်တော်တို့မိသားစုမှာ ရှိတယ်။ ကျွန်တော်ကိုယ်တိုင်
လည်း ဒီကျောင်းကနေပြီးခဲ့တာပါ။ ကျောင်းတစ်ကျောင်းဖြစ်တဲ့အတွက် စာအုပ်ဆိုင်ကောင်း
ကောင်းရှိဖို့လိုတယ်လို့ ခံစားမိလို့၊ ကျောင်းရဲ့ ဂုဏ်အင်္ဂါနဲ့ ညီဖို့၊ ကျောင်းကိုဂုဏ်ဆောင်တဲ့
စာအုပ်ဆိုင်ဖြစ်ဖို့ လုပ်ဆောင်ကြတာပါ။

''ဒီကျောင်းမှာ စာတော်ပြီး ဂုဏ်ထူးတန်းတွေ၊ မဟာတန်းတွေတက်နေတဲ့ ကျောင်းသားတွေ
ရှိကြပါတယ်။ သူတို့ အဝေးကြီးသွားပြီး ကိုးကားစရာတွေ ဖတ်စရာတွေ ဝယ်စရာမလို
တော့ဘူး။ ကျွန်တော်တို့ ဆိုင်မှာရဖို့တတ်နိုင်သလောက် ဖြည့်ဆည်းပေးသွားမယ်။
တက္ကသိုလ်က ဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေ၊ မန္တလေးက စာရေးဆရာ၊
ကဗျာဆရာတွေအတွက် စုဝေးစရာနေရာလေးတစ်နေရာဖြစ်လာတဲ့တွက် အားလုံးက
မုဒိတာပွားကြတယ်။ ဒီလိုပဲအားလုံး ဆုံဆည်းဖို့အတွက် စကားဝိုင်းတွေ၊ဆွေးနွေးပွဲတွေကို
လုပ်ဆောင်ပေးသွားမယ်။ စာပေကိစ္စအတွက် လုပ်ချင်ကြတဲ့ ဆွေးနွေးပွဲတွေရှိရင်လည်း
လာပြီး တောင်းဆိုလို့ရပါတယ်'' ဟု ဆရာညီပုလေးက မြန်မာတိုင်း(မ်) ကို ပြောသည်။

မန္တလေးစာပေ အနုပညာရှင်များကလည်း ယခုကဲ့သို့ မန္တလေးတက္ကသိုလ်ဝင်းအတွင်း
စာအုပ်ကောင်းများ ရနိုင်သည့် စာအုပ်ဆိုင်ဖွင့်လှစ်ခြင်းအတွက် များစွာဝမ်းသာ ဂုဏ်ယူ
ဝမ်းသာကြပြီး ပညာရေးစနစ်အတွက်တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ကို
ယုံကြည်နေကြသည်။

''တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေးက ပြဋ္ဌာန်းစာအုပ်တွေနဲ့ ပြီးသွား
ရတဲ့ အခြေခံပညာရေးမဟုတ်ဘဲ အဆင့်မြင့်ပညာရေးဆိုတာကို ပြသဖို့အတွက် စာကြည့်
တိုက်တွေ စာအုပ်ဆိုင်တွေက အလွန်အရေးပါလှပါတယ်။ အခုလို မန္တလေးတက္ကသိုလ်ကြီး
ထဲမှာ လူထုစာအုပ်တိုက် ရောက်လာတာ ကျောင်းသား၊ ကျောင်းသူတွေ ဆရာ၊ ဆရာမ
တွေအတွက် အလွန်ကောင်းတဲ့အစီအစဉ်ပါ။ နောက်ဆက်တွဲ စာပေစကားဝိုင်းတွေ
ဆွေးနွေးပွဲတွေ ကျင်းပကြမယ်ဆိုတော့ မန္တလေးစာပေလောက တိုးတက်ဖို့အတွက်
အလွန်ကောင်းတဲ့ အနေအထားတစ်ခုပါပဲ'' ဟု စာရေးဆရာစိုးဘားဒိုင်က မြန်မာတိုင်း(မ်)
ကို ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး