နှစ်ရှည်သီးနှံပင်ဖြစ်သော လျှော်ဖြူ (ဆေးကုလားမ) ကို မြန်မာနိုင်ငံအနှံ့အပြားနှင့်
အပူပိုင်းဒေသများတွင် စိုက်ပျိုးထုတ်လုပ်ရောင်းချမှုများ ရှိနေသော်လည်း ခိုင်မာသည့်
စျေးကွက်ရှိမနေသေးသောကြောင့် နိုင်ငံခြားစျေးကွက် တိုးချဲ့နိုင်ရေးနှင့် နိုင်ငံအနှံ့ တိုးချဲ့
စိုက်ပျိုးထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှော်ဖြူစိုက်ပျိုး
ထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့မှ ဥက္ကဋ္ဌ ဦးအုန်းညွန့်က ပြောသည်။
လက်ရှိတွင် လျှော်ဖြူကို နိုင်ငံခြားစျေးကွက်အဖြစ် တရုတ်နှင့်ထိုင်းနိုင်ငံများသို့သာ တင်ပို့
ရောင်းချနေရပြီး စိုက်ပျိုးမှုနည်းပညာလိုအပ်ချက်များကြောင့် ခိုင်မာသည့်စျေးကွက်မရှိသေး
ကြောင်း၊ သို့သော် နိုင်ငံတကာစျေးကွက်တွင် လျှော်ဖြူဝယ်လိုအားကောင်းနေနိုင်သည့်
အတွက် နိုင်ငံခြားစျေးကွက်ကို ယခုထက် ပိုမိုချဲ့ထွင်နိုင်ရန်အတွက် သက်ဆိုင်ဝန်ကြီးဌာန
အလိုက်ညှိနှိုင်းမှုများ ဆောင်ရွက်ထားသည့်အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်
ကြောင်း ၄င်းက မေလ ၂၇ ရက်က ပြောသည်။
''ကျွန်တော်တို့ကို သစ်တောကမြေနေရာ နှစ်ရှည်စိုက်ပျိုးလုပ်ကိုင်နိုင်ဖို့ ချထားပေးတာပေါ့။
ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ အစုအဖွဲ့တွေ တော်တော်များများလည်းစိုက်ကြတယ်။ အကုန်
လုံးလည်း အဆင်ပြေခဲ့ကြတယ်ပေါ့။ အများဆုံးကတော့ တရုတ်နိုင်ငံကကိုယ်စားလှယ်တွေ
လွှတ်ပြီးတော့ ဝယ်ပါတယ်။ ဒါပေမဲ့ သူတို့အရည်အသွေး မကောင်းရင်တော့ မယူပါဘူး။
တရုတ်က လျှော်ဖြူထွက်ရင် သူတို့ ရောင်းဆိုပြီးတော့ တောင်သူတွေကို အတိုးမဲ့ပိုက်ဆံ
ချေးပေးတာလည်း ရှိပါတယ်။အဓိကတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်အောင်
ကျွန်တော်တို့ ဝန်ကြီးဌာနတွေနဲ့ပူးပေါင်း ဆောင်ရွက်သွားပါမယ်။ အခုလည်းနိုင်ငံတကာမှာ
လျှော်ဖြူစျေးကွက် ကောင်းပါတယ်''ဟု ဦးအုန်းညွန့်က ပြောသည်။
လျှော်ဖြူ (ဆေးကုလားမ) သည် နှစ်ရှည်သီးနှံတစ်မျိုးဖြစ်၍ စိုက်ပျိုးပြီးသုံးနှစ်ခန့်အကြာတွင်
လျှော်ဖြူအစေးကို စတင်ထုတ်လုပ်နိုင်ပြီး အပင်တစ်ပင်သည် တစ်ရက်လျှင် တစ်ကျပ်သားမှ
သုံးကျပ်သားအထိ ထွက်နှုန်းရှိကာ နှစ်ရှည်ပါကပိုမိုအစေးထွက်နိုင်ကြောင်း၊ လျှော်ဖြူကို
အရည်အသွေး အမျိုးအစားလိုက် ရောင်းချရပြီး တစ်တန်လျှင် ကျပ်သိန်း ၁ဝဝ ခန့်မှ
ကျပ်သိန်း ရဝဝ ခန့်အထိရှိနိုင်ကြောင်း လျှော်ဖြူထုတ်လုပ် စိုက်ပျိုးရောင်းချသူများက
ပြောသည်။
လျှော်ဖြူအပင်မှထွက်လာသည့် အသီးကိုစားသုံးကြပြီး အစေးကို ဆေးဝါးအဖြစ် ထုတ်လုပ်
အသုံးပြုနိုင်မည်ဖြစ်ကာ အစေးမှုန့်ကို ချည်ထည်လုပ်ငန်းတွင် လည်းကောင်း၊ အလှကုန်
ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းတွင်လည်းကောင်း၊ စက်မှုကုန်ကြမ်း ထုတ်လုပ်သည့်
လုပ်ငန်းတွင်လည်းကောင်း၊ စားသုံးကုန် ထုတ်လုပ်သည့်လုပ်ငန်းတွင် လည်းကောင်း
အသုံးပြုကြသည်။
''အခု ပြည်တွင်းစျေးကွက်မှာဆိုရင်လည်း လျှော်ဖြူရောင်းတဲ့နေရာမှာ စျေးနှုန်းကွာဟမှုလေး
တွေရှိနေပါသေးတယ်။ အဲဒါဘာဖြစ်လို့လဲဆိုတော့ အစေးထုတ်တဲ့နေရာမှာ ဖြူစင်မှု
သန့်ရှင်းမှုတွေ လိုအပ်နေသေးလို့ပါ။ တရုတ်ဆိုရင် ဖြူဖွေးနေတဲ့ လျှော်ဖြူကိုပဲဝယ်တာပါ
ဝါနေရင် သူတို့က မဝယ်ပါဘူး။ အခု လျှော်ဖြူစျေးကောင်းလာတာ သုံးလေးနှစ်လောက်ပဲ
ရှိပါသေးတယ်။ တောင်သူတွေလျှော်ဖြူစိုက်မယ်ဆိုရင် သန့်ရှင်းတဲ့ လျှော်ဖြူအစေးကို
ထုတ်နိုင်အောင် စနစ်တကျစိုက်ပျိုးသင့်ပါတယ်။ အဲဒီလိုပဲ တစ်ဖက်ကလည်း စျေးကွက်
ကောင်းတစ်ခုရှိဖို့ လိုပါတယ်''ဟု မကွေးတိုင်းဒေသကြီးမှ လျှော်ဖြူစိုက်တောင်သူ
ဦးအေးလွင်ကပြောသည်။
မန္တလေးတိုင်းဒေသကြီး သစ်သီးဝလံပန်းမန်းနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်
တင်ပို့ရောင်းချသူများအသင်းက လျှော်ဖြူကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန်နှင့်
စိုက်ပျိုးရေးနည်းပညာ ပိုမိုတိုးတက်နိုင်ရန်အတွက် မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ
တိုင်းဒေသကြီးများနှင့် မြစ်ကြီးနား မြို့နယ်များမှ လျှော်ဖြူစိုက်ပျိုးသူများ စုပေါင်းကာ
လျှော်ဖြူစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကို ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ
အတွင်းက ဖွဲ့စည်းခဲ့သည်။
လျှော်ဖြူပင်သည် အမြဲစိမ်းသီးနှံတစ်မျိုးဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် စိုက်ဧကအများဆုံးဖြစ်ပြီး
ဧက ၈,ဝဝဝ ခန့်၊ မန္တလေးတိုင်းတွင် ဧက ၄,ဝဝဝ ခန့်၊ မကွေးတိုင်းတွင် ဧက ၅,ဝဝဝခန့်
ရှိနိုင်ကြောင်း လျှော်ဖြူစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ဝင်များက
ပြောသည်။















