လက်ရှိရုံတင်ပြသနေသည့် "ကျွန်" ရုပ်ရှင်ဇာတ်ကားဖျက်သိမ်းရေး ရပ်ကွက်ပြည်သူများတောင်းဆိုမည်

လက်ရှိရုံတင်ပြသနေသည့် "ကျွန်" ရုပ်ရှင်ဇာတ်ကားဖျက်သိမ်းရေး ရပ်ကွက်ပြည်သူများတောင်းဆိုမည်

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနှံ့ရှိ ရုပ်ရှင်ရုံကြီးများတွင် ရုံတင်ပြသနေသည့် "ကျွန်" 
အမည်ရှိရုပ်ရှင်ဇာတ်ကားတွင် ပါဝင်နေသည့် သရုပ်ဖော်ပုံများနှင့်စကားလုံးများမှာ လက်ရှိ 
ညောင်ဦးမြို့နယ် မင်္ဂလာသာစည်ရပ်ကွက်ရှိ ကလေးငယ်များ၏အနာဂတ်ကို ထိခိုက်မှုရှိစေ
နိုင်သည့်အတွက် ရုပ်ရှင်ကားကြီးတစ်ခုလုံးကို ဖျက်သိမ်းပေးရေး တောင်းဆိုသွားမည်ဖြစ်
ကြောင်း မင်္ဂလာသာစည်ရပ်ကွက် ဒေသခံများက ပြောသည်။

" 'ကျွန်' ရုပ်ရှင်ဇာတ်ကာမှာ သုံးနှုန်းထားတဲ့ ဘုရားကျွန်ဆိုတာတွေက အခုအချိန်မှာမရှိ
တော့ဘူး။ ရှိတယ်ပဲထားဦး သူတို့သုံးထားသလို သူတောင်းစားတွေ၊ အနူရောဂါစွဲကပ်နေတဲ့
လူတွေမဟုတ်တော့ဘူး။ သူတို့က အဲဒီလို ကျွန် ဇာတ်ကားမှာ ပုံဖော်ထားတာတွေက
ဒီကလေးတွေအနာဂတ် ထိခိုက်မှုရှိစေတယ်။ ပြီးရင် ပုဂံဒေသတစ်ခုလုံးကို နစ်နာစေတယ်။
ဒါကြောင့် ရုပ်ရှင်ကားလုံးဝ ဖျက်သိမ်းရေး တောင်းဆိုရတာပါ" ဟု မင်္ဂလာသာစည်
ရပ်ကွက်ငယ််အပါအဝင် ရပ်ကွက်ငယ် ၁၂ ခုကို အုပ်ချုပ်ရသည့် အမှတ် ၅ ရပ်ကွက်
အုပ်ချုပ်ရေးမှူးဦးစန်းမောင်က ပြောသည်။

အဆိုပါ ကျွန်ရုပ်ရှင်ကားဖျက်သိမ်းရေးအတွက် မင်္ဂလာသာစည်ရပ်ကွက်ရှိ မင်္ဂလာသာစည်
ဓမ္မာရုံတွင် ရပ်ကွက်ပြည်သူများထံမှ သဘောထားများကို အုပ်ချုပ်ရေးမှူးအရပ်ဖက်အဖွဲ့
အစည်းရှေ့နေများက တောင်းခံခဲ့ရာ တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများက
ရုပ်ရှင်ကားဖျက်သိမ်းရေးကို ထောက်ခံခဲ့ကြသည်။

"ရုပ်ရှင် စလာရိုက်ပါပီဆိုထဲက မရိုက်ဖို့ ရပ်ကွက်ကလူတွေက ကန့်ကွက်ခဲ့တယ်။ အဲဒီ
တော့ သူတို့က အခြားနေရာပြောင်းပြီး ရိုက်တယ်။ ပြီးရင် ရပ်ကွက်နာမည်သုံးတယ်။ သူတို့
ဇာတ်လမ်းထဲကအတိုင်းဆိုရင် မင်္ဂလာသာစည်ရပ်ကွက်က လူတွေက ဘုရားကျွန်တင်
မကဘူး။ သူတောင်းစားတွေပါ ဖြစ်ကုန်ပြီ။ အဲဒီတော့ ဒီကကလေးတွေကျ အခြားရပ်ကွက်
က လူတွေကမြင်ရင် သူတောင်းစားရပ်ကွက်က ကလေးတွေ၊ နူနာရောဂါရှိတဲ့ကလေးတွေ
လို့မြင်ကုန်မှာ။ အဲဒါကြောင့် ကလေးတွေနာဂတ်လှပဖို့ အခုလို ဖျက်သိမ်းဖို့တောင်းဆို
ရတာ" ဟု မင်္ဂလာသာစည်ရပ်ကွက်ရှိ သဲပန်းချီဆရာတစ်ဦးဖြစ်သူဦးမြင့်ချိုက ပြောသည်။

ထို့ကြောင့် အဆိုပါ ကျွန်ဇာတ်ကားလုံးဝ ဖျက်သိမ်းရေးအတွက် အောက်ပါအချက်
ခြောက်ချက်ဖြစ်သည့် ရုံတင်ပြသခြင်းချက်ခြင်းရပ်ရန်၊ အကယ်ဒမီပေးပွဲတွင်ဝင်ရောက်
ယှဉ်ပြိုင်ခြင်းမပြုရန်၊ ခိုးကူးခွေများ မထွက်ရှိလာရေးတာဝန်ယူရန်၊ ဗွီဒီယိုဇာတ်လမ်းအဖြစ်
ပြန်လည်ဝေခြင်းမပြုရန်၊ အင်္ဂလိပ်စာတန်းထိုးပြီး နိုင်ငံတကာကိုပြန်လည်ချပြခြင်းမပြုရန်
နှင့် ရိုက်ကူးမှုမှားယွင်းခဲ့ကြောင်း တိုင်းသိပြည်သိဖြစ်ရန် မီဒီယာများမှတဆင့် ပြန်လည်
တောင်းပန်ပေးရန် တောင်းဆိုမည်ဖြစ်ပြီး တောင်းဆိုသည့် အချက်ခြောက်ချက်ကို
ဇာတ်ညွန်း၊ ဒါရိုက်တာ၊ ထုတ်ဝေသူများထံ ရှေ့နေမှတဆင့် နို့တစ်စာပို့သွားမည်ဖြစ်
ကြောင်းနှင့် ပြန်လည်ဖြေရှင်းနိုင်ရန်အတွက် ၄င်းတို့ထံ နို့တစ်စာရောက်ရှိသည့်ရက်မှ
စတင်ပြီး ရက်ပေါင်း ၂၁ ရက် အချိန်ပေးမည်ဖြစ်ကြောင်း မင်္ဂလာသာစည်ရပ်ကွက်ပြည်သူ
များထံမှသိရသည်။

သို့သော်အဆိုပါ သတိပေးစာနှင့်ပတ်သက်ပြီး ကောင်းမွန်သော ဖြေရှင်းမှုမရရှိပါက
အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူ းက မင်္ဂလာသာစည် ရပ်ကွက်ခံများကိုယ်စား တရားစွဲ
ဆိုသွားမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။

"အခု တရားဥပဒေပိုင်းအတွက် လုပ်ဆောင်နေတယ်။ ဒီဇာတ်လမ်းမှာ ဘယ်သူက ပိုပြီး
အပြစ်ရှိတာလဲဆိုတာ လေ့လာနေတယ်။ သူတို့ဘက်က လုံးဝ ရုန်းထွက်လို့မရအောင်
လုပ်မယ်။ တောင်းဆိုတာတွေကို မလုပ်ရင်တော့ တရားစွဲဖို့ ဆုံးဖြတ်မှာပါ" ဟု ကျွန်
ရုပ်ရှင်ဇာတ်ကားကို လုံးဝဖျက်သိမ်းရေးကို ငြင်းဆန်ပါက တရားစွဲဆိုရန် ပြင်ဆင်နေသည့်
မင်္ဂလာသာစည် ရပ်ကွက်တရားလွှတ်တော်ရှေ့နေများအဖွဲ့မှ ရှေ့နေကြီးတစ်ဦးက
ပြောသည်။

ထို့ပြင် လက်ရှိ ကျွန်ဇာတ်ကားမတိုင်မီ အချိန်ကလည်း ရုပ်ရှင်မင်းသားကြီး ဦးညွှန့်ဝင်း
ပါဝင်ရိုက်ကူးခဲ့သည့် အပါယ်ရတနာ ရုပ်ရှင်ကားကြောင့်လည်း ပုဂံညောင်ဦးဒေသရှိ
ကျေးရွာအချို့မှ ဒေသခံများနစ်နာခဲ့ရကြောင်း ဒေသခံရွာသားများထံမှသိရသည်။

"အပါယ်ရတနာ ရုပ်ရှင်ကားထွက်ပြီး မကြာဘူး ကျွန်မ မိတ္ထီလာဆေးရုံကို တက်ခဲ့ရတယ်။
ဆေးရုံလဲရောက်ရော ဘယ်မှာနေလဲမေးတာ့ ကျွန်မက ကျွန်မရွာနာမည်ပြောတော့ ဆရာမ
တွေက အော် သူတောင်းစားရွာကပဲလို့ ပြောတာခံလိုက်ရတယ်။ ကျွန်မလို အခုခေတ်
ကလေးတွေ မခံစားစေချင်တော့ဘူး" ဟု အသက် ၅၂ အရွယ်ရှိသူ ဒေါ်အေးချိုကပြောသည်။

အဆိုပါ ကျွန်ဇာတ်ကား ဖျက်သိမ်းရေးအတွက် နို့တစ်စာပို့ပြီးတောင်းဆိုသည့်အပြင်
ဒေသခံများက ဆန္ဒဖော်ထုတ်မှုများပါ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အုပ်ချုပ်းရေးမှူး
ဦးစန်းမောင်ထံမှ သိရသည်။

"ကျွန်ဆိုတဲ့စကားလုံးက ဘယ်လောက်ထိ အနက်ကျယ်သလဲဆိုတာ သူတို့သိလားမေးချင်
တယ် ။ သူတို့ရိုက်လေ သူတို့ရဲ့ ဦးနှောက်သေးသိမ်မှုဖြစ်စေတယ်ဆိုတာ သူတိုမသိဘူး။
သူတို့ကိုယ်တိုင် မသိတဲ့ ဇာတ်လမ်းကို ဘာလို့ရိုက်တာလဲဆိုတာ စဉ်းစားလို့မရဘူး။
နောက်ပြီး ပုဂံဒေသကို ဂုဏ်မြင့်စေတဲ့ ဇာတ်လမ်းတွေအများကြီးရို်က်လို့ရတယ်။ အခု
ဇာတ်ကားကိုသာ နိုင်ငံတကာက လူတွေကြည့်မိရင် မင်းတို့ပုဂံက သူတောင်းစားတွေ
နူနာရောဂါရှိသူတွေနေတာလားဆိုပြီး အထင်သေးခံရနိုင်တယ်" ဟု ညောင်ဦးမြို့ခံ
Tourist Guide ဖြစ်သူ ဦးသန်းဌေးက ပြောသည်။

ကျွန်ရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွှန်း ကနုတ်မေ၊ ဒါရိုက်တာ ညွှန့်မြန်ညီညီအောင်တို့မှ
ရိုက်ကူးပြီး သရုပ်ဆောင်များအဖြစ် ရုပ်ရှင်သရုပ်ဆောင် နေတိုး၊ မြင့်မြတ်၊ ဝတ်မှုန်ရွှေရည်
တို့က အဓိကသရုပ်ဆောင်ထားကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး