အလုပ်အကိုင်အခွင့်အလမ်း နည်းပါး၍ ပြည်တွင်းပြည်ပသို့ ရွှေ့ပြောင်းသွားလာသူ များသဖြင့် လယ်ယာလုပ်သား ရှားပါးလာ

အလုပ်အကိုင်အခွင့်အလမ်း နည်းပါး၍ ပြည်တွင်းပြည်ပသို့ ရွှေ့ပြောင်းသွားလာသူ များသဖြင့် လယ်ယာလုပ်သား ရှားပါးလာ

အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာမှုကြောင့် ပြည်တွင်းပြည်ပသို့ သွားရောက်၍
အလုပ်လုပ်ကိုင်သူ မြင့်တက်လာပြီး လယ်ယာလုပ်သား ရှားပါးလာ၍ စက်မှုလယ်ယာသို့
ကူးပြောင်းရန် လိုအပ်လျှက်ရှိကြောင်း မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ၀န်ကြီး ဦးနေမျိုးကျော်က ဇွန် ၁၁ ရက်နေ့တွင် ပြောသည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မုံတောကြီးကျေးရွာတွင် ကျင်းပခဲ့သည့် လယ်ယာသုံး
စက်ပစ္စည်းများအား တောင်သူများသို့ မိတ်ဆက်ပြသသည့်ပွဲတွင် လယ်ယာသုံးစက်ပစ္စည်းများ
အသုံးပြုရန် လိုအပ်လာမှုအပေါ် ၄င်းကပြောဆိုလိုက်ခြင်းဖြစ်သည်။

“လက်ရှိဆိုရင် အလုပ်အကိုင်အခွင့်အလမ်းကလည်း အင်မတန်နည်းတဲ့အတွက် နိုင်ငံတကာကော
ပြည်တွင်းပြည်ပကိုပါ ထွက်ပြီး အလုပ်လုပ်နေရတယ်၊ အဲဒီထဲမှာ ဘာဆိုးကျိုးရှိလဲဆိုတော့
လယ်ယာလုပ်သားရှားပါးလာမှု ပြဿနာဖြစ်တဲ့အတွက်၊ လယ်ယာလုပ်သားရှားပါးမှုရယ်
လယ်ယာလုပ်ငန်းခွင်မှာ ကျွမ်းကျင်တဲ့သူတွေ နည်းပါးလာမှုရယ်ကို အစားထိုးဖို့အတွက်
စက်မှုလယ်ယာနည်းစနစ်ကိုတော့ မသုံးမနေသုံးမှဖြစ်မယ်”ဟု ၀န်ကြီးက ဆိုသည်။

ပြီးခဲ့သည့် နှစ်များတွင် ရာသီဥတုပြောင်းလည်းမှုများကြောင့် မကွေးတိုင်းဒေသကြီးအတွင်း
တောင်သူအချို့သည် ၎င်းတို့၏ လယ်ယာလုပ်ငန်းများကို စွန့်ခွာ၍ နိုင်ငံရပ်ခြားသို့ သွားရောက်လုပ်ကိုင်သူများ မြင့်တက်လာသည်ဟု ဒေသခံတောင်သူများမှပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံရပ်ခြားသို့ သွားရောက်ရန် ပတ်စ်ပို့ပြုလုပ်လျှောက်ထာမှုများတွင်
မကွေးတိုင်းအတွင်းတောင် တွင်းကြီးမြို့နယ်သည် အများဆုံးဖြစ်ပြီး ယခုနှစ်တွင် ငဖဲမြို့နယ်၊
စေတုတ္တရာမြို့နယ်၊ စလင်းမြို့နယ်နှင့် မင်းဘူးမြို့နယ်များမှ အများဆုံးလာရောက်
လျှောက်ထားကြသည်ဟု မကွေးမြို့ရှိ့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူမှ
ဆိုသည်။

ယင်းသို့သွားရောက်ကြသူများသည် ထိုင်း၊ မလေးရှား၊ စင်္ကာပူနိုင်ငံများသို့ အများဆုံး
သွားရောက်ကြခြင်းဖြစ်ပြီး အလုပ်လုပ်ကိုင်ရန် သွားရောက်ကြသူများဖြစ်သည်ဟု
အဆိုပါအရာရှိကပြောသည်။

“ရွာမှ ယာလုပ်မဲ့သူကို မရှိသလောက်ပဲ၊ တောအလုပ်ဆိုတော့ ပင်ပန်းတယ်၊ ရာသီဥတုက ဖျက်ရင်
ပင်ပန်းထားတာက တစ်နှစ်လုံးစာ အလကားနီးနီးဖြစ်သွားတယ်၊ ပြီးခဲ့တဲ့ သုံးနှစ်လောက်ကစပြီး
နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့ သူတွေ များလာတယ်”ဟု မကွေးတိုင်း အောင်လံမြို့နယ်
ပျဉ်ပုံကျေးရွာမှ ဦးမြသောင်းကပြောသည်။

မကွေးတိုင်းအတွင်း လယ်ယာလုပ်သားရှားပါးလာမှုကြောင့် လယ်ယာလုပ်သားငှားရမ်းခများ
မြင့်တက်ခဲ့ပြီး လယ်ယာလုပ်ငန်းခွင်အတွက် အလုပ်သားတစ်ဦးလျှင် တစ်ရက်ငှားရမ်းခ ငါးထောင်ခန့်မှ
ခုနှစ်ထောင်အထိ စျေးမြင့်တက်ခဲ့သည်ဟု မကွေးမြို့နယ် ကန်ရွာလေးကျေးရွာမှ
တောင်သူဦးအောင်နိုင်မှပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအနေဖြင့် စိုက်ပျိုးရေးတွင် ရင်းနှီးမြှတ်နှံမှုများ၊ ချေးငွေနှင့် နည်းပညာများ
ပံ့ပိုးပေးရန် လိုအပ်ပြီး လယ်ယာလုပ်သားရှားပါးမှုနှင့် ကျွမ်းကျင်လုပ်သား နည်းပါးလာမှုကို
ဖြေရှင်းရန်အတွက် နိုင်ငံတကာမှ စိုက်ပျိုးနည်းစနစ်များ၊ စက်ကရိယာမောင်းနှင်အသုံးပြုမှုများအား
မိတ်ဆက်သင်ကြားပေးသွားမည်ဟု ဦးနေမျိုးကျော်ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး