ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ဘုရားအဆူ ၅ဝ ကို ယခုဘဏ္ဍာနှစ်တွင် ပြုပြင်ထိန်းသိမ်းသွားမည်

ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ဘုရားအဆူ ၅ဝ ကို ယခုဘဏ္ဍာနှစ်တွင် ပြုပြင်ထိန်းသိမ်းသွားမည်

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားများအနက် ပြုပြင်ထိန်းသိမ်းရန်
လိုအပ်လျက်ရှိသည့် ဘုရားများကို အရေးပေါ်အဆင့်လိုက် သတ်မှတ်ထားပြီး ယင်းဘုရားများအနက်
ဘုရားအဆူ ၅ဝ ကို ယခုဘဏ္ဍာနှစ်တွင် ပြုပြင်ထိန်းသိမ်းနိုင်ရန် လျာထားကြောင်း
ရှေးဟောင်းသုတသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။

ယခင်နှစ် သြဂုတ်လအတွင်းက ချောက်မြို့သို့ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့်
ရှေးဟောင်းစေတီပုထိုးပေါင်း ၃၉၇ ဆူပျက်ဆီးခဲ့ပြီး ယင်းအနက် အသေးစားပျက်ဆီးဆုံးရှုံးခဲ့သည့်
ဘုရားအဆူ ၂၂၄ ဆူကို ပြန်လည်ပြုပြင်ထိန်းသိမ်းပြီးဖြစ်ကာ ယခုနှစ်အတွက်ဘုရားအဆူ ၅ဝ
ပြုပြင်ခြင်းနှင့် အရေးပေါ်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ယင်းဌာနရှိ တာဝန်ရှိသူတစ်ဦးက ယခုလ အစောပိုင်းကပြောသည်။

"ငလျင်ဒဏ်သင့်ဘုရားတွေထဲက ဘုရားအဆူ ၂၂၄ ဆူလောက်က ပြီးခဲ့တဲ့မိုးတွင်းမှာအကုန်
ပြုပြင်ထိန်းသိမ်းလိုပြီးသွားတယ်။ ကျန်တဲ့ ဘုရားတွေအနက် ဒီနှစ်အတွက် ဘုရားအဆူ ၅ဝ ကို
ပြန်လည်ထိန်းသိမ်းနိုင်ဖို့လျာထားတာပေါ့။ တဖက်ကလည်း သဘာဝဘေးကြောင့် ဖြစ်ပေါ်လာမယ့်
အရေးပေါ်ထိန်းသိမ်းခြင်း လုပ်ငန်းတွေကိုလည်း တွဲဖက်လုပ်ဆောင်သွားမှာပါ"ဟု
၄င်း တာဝန်ရှိသူကပြောသည်။

ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ဘုရားများကို ပျက်ဆီးဆုံးရှုံးမှုအလိုက် ပထမအဆင့်၊ ဒုတိယအဆင့်၊
တတိယအဆင့်ဟူ၍ သတ်မှတ်ထားပြီး ယခုနှစ်ထိန်းသိမ်းမည့် အဆူ ၅ဝ တွင် အဆင့်လိုက်ဘုရားများ
ပါဝင်မည်ဖြစ်ကာ ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ အလှူငွေများဖြင့် ပြုလုပ်ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း၊ လက်ရှိတွင် တချို့ဘုရားများကို ပြုပြင်ခြင်းများ ဆောင်ရွက်နေပြီးဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး