မကွေးတိုင်း၊ မင်းဘူးမြို့ ဗိုလ်ချုပ်ပန်းခြံတွင်ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်ကိုယခုလ ၁၉ ရက်တွင်
ကျရောက်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ (၇၂)နှစ်ပြည့် မွေးနေ့ပွဲတွင်
ဂုဏ်ပြုဖွင့်လှစ်သွားမည်ဟု သိရသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း၏ပုံတူကြေးရုပ်သည် အမြင့် ဆယ့်တစ်ပေခွဲရှိပြီး ကြေးပိဿာချိန် ၆၈ဝ ရှိသည်ဟု
မင်းဘူးမြို့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှသိရသည်။
''မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ဗိုလ်ချုပ်ရဲ့ ရိုးသားတဲ့ စိတ်ဓာတ်၊ ခိုင်မာတဲ့ စိတ်ဓာတ်တွေကို အတုယူ
စေချင်တယ်။ ပြီးတော့ ဗိုလ်ချုပ်ကို အမြဲအမှတ်တရရှိနေစေချင်တယ်''ဟု ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး
ကော်မတီဥက္ကဋ္ဌဦးမျိုးမင်းက ပြောသည်။
ဗိုလ်ချုပ်ကြေးရုပ်သွန်းလောင်းခြင်းနှင့် ကြေးရုပ်ရင်ပြင်တည်ဆောက်ခြင်းအတွက် ငွေကျပ် သိန်းခြောက်ရာ
ခန့်ကုန်ကျခဲ့ပြီး အဆိုပါကြေးရုပ်ကို မန္တလေးမြို့တမ္မဝတီရပ်တွင် ကြေးသွန်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
''ကာလတစ်ခုမှာ ဗိုလ်ချုပ်ကို ချစ်မြတ်နိုးခွင့် ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူခွင့်မရခဲ့ပါဘူး။ အခုအစိုးရသစ်
လက်ထက်ရောက်မှ ကျွန်တော်တို့ရဲ့လွတ်လပ်ရေးဖခင်ကြီးအမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့
ကြေးရုပ်ကိုစိုက်ထူခွင့်ရခဲ့တာပါ''ဟု မင်းဘူးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးကျော်စွမ်းရည်က ပြောသည်။
မန္တလေးမြို့တွင် သွန်းလုပ်သည့် ဗိုလ်ချုပ်ကြေးရုပ်ကို အခမ်းအနားဖြင့် ယခုလ ၁၁ ရက်နေ့က သယ်ယူခဲ့ပြီး
ယခုလ ၁၂ ရက်နေ့တွင် မင်းဘူးမြို့၌ စိုက်ထူထားပြီးဖြစ်သည်။
















