အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ မန္တလေးရတနာပုံ (စ) စျေးအတွင်း ဆောင်ရွက်

အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ မန္တလေးရတနာပုံ (စ) စျေးအတွင်း ဆောင်ရွက်

အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပြည်သူများ သန့်ရှင်းသော အစားအစာ
များစားသုံးနိုင်ရေးအတွက် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ရတနာပုံ (စ) စျေးအတွင်း
စျေးကွက်နမူနာကောက်ယူခြင်း၊ အသိပညာပေး ဆွေးနွေးခြင်းနှင့် ရွေ့လျားဓာတ်ခွဲ 
မော်တော်ယာဉ်ဖြင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းများကို အစားအသောက်နှင့် ဆေးဝါး
ကြီးကြပ်ကွပ်ကဲရေး (မန္တလေး) ဌာနခွဲ (FDA) က ယခုလ ၁၂ ရက်က ဆောင်ရွက်ခဲ့ကြ
သည်။

''ရက် ၁ဝဝ စီမံချက် ပြီးဆုံးသွားပေမဲ့ ကျွန်တော်တို့ အဖွဲ့ကတော့ စားသုံးသူ မိဘပြည်သူ
တွေ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းဖို့ စီစဉ်ဆောင်ရွက်ပေးရမှာ ကျွန်တော်တို့
ဌာနတာဝန်ပါ။ ဒါကြောင့်လည်း အခုအချိန်ထိ ဆက်လက်လုပ်ကိုင်ဆောင်ရွက်နေဆဲပါပဲ။
၂ဝ၁၆ ခုနှစ်ကနေ ၂ဝ၁၇ခုနှစ်အတွင်း အစားအသောက် နမူနာကောက်ယူစစ်ဆေးခဲ့တဲ့
ရလဒ်အပေါ်မှာ ဆွေးနွေးတယ်။ ငါးပိတို့၊ လက်ဖက်တို့ဆိုရင် မပါသလောက် နည်းသွား
တာကို တွေ့ရတယ်။ အရောင်တင်မှုန့်၊ ငရုတ်သီးမှုန့်တွေမှာ တွေ့နေရသေးတယ်။ ဒါတွေ
မှာလည်း ခွင့်မပြုဆိုးဆေးကင်းစင်အောင် တဖြည်းဖြည်းချင်းလုပ်ဆောင်သွားမယ်။ အခုလို
စျေးသူစျေးသားတွေနဲ့ တွေ့ဆုံတယ်ဆိုတာကလည်း ဆိုးဆေးအန္တရာယ်တွေကို အသိ
ပညာပေးတယ်။ အသိပညာ ဗဟုသုတတွေ ရသွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့
နောက်ဆက်တွဲမျိုးဆက်တွေမှာ ကျန်းမာရေး အသိအမြင်တွေပိုလာပြီး ပိုပိုပြီး
ဘေးအန္တရာယ် ကင်းရှင်းသွားစေဖို့အတွက်ပါ'' ဟု အစားအသောက်နှင့် ဆေးဝါး
ကြီးကြပ်ကွပ်ကဲရေး (မန္တလေး) ဌာနခွဲ (FDA) မှ ဒုတိယညွှန်ကြားရေးမှူး
ဒေါက်တာကျော်ကျော်က မြန်မာတိုင်း(မ်) ကိုပြောသည်။

စျေးများအတွင်း နမူနာကောက်ယူခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်နိုင်ရန်
အတွက် တိုင်းကျန်းမာရေးဦးစီးဌာန၊ စားသုံးသူ အငြင်းပွားဖြေရှင်းရေးအဖွဲ့၊ မြို့နယ်
ပြည်သူ့ကျန်းမာရေးအဖွဲ့၊ စည်ပင်သာယာရေးကော်မတီ စျေးဌာနနှင့် အခြားသောဌာန
ဆိုင်ရာတို့ ပူးပေါင်းကာ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

မန္တလေးစျေးချိုတော်မှ အစပြု၍ မန္တလေးမြို့တွင်းရှိ စျေး ၄၄ ခုစလုံးတွင် ဆိုးဆေး
ကင်းရှင်းပြီး ယုံကြည်စိတ်ချစွာ စားသုံးနိုင်သည့် အစားအသောက်များ ရောင်းချနိုင်ရေး
အတွက် ဆက်လက်ဆောင်ရွက်နေသည်။

''ကျွန်တော်တို့ ဗိုက်ထဲမှာ မစားသုံးသင့်တဲ့ အစားအစာတွေ ဘယ်လောက်တောင်
ရောက်နေပြီးလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူး။ ဒါတွေက တစ်ချိန်မှာ ကျွန်တော်တို့
အတွက် ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာမယ်။ အခုဖြစ်နေတာ ကင်ဆာကို ပိုက်ဆံနဲ့
ပေးဝယ်နေရသလို ဖြစ်နေတယ်။ ကျွန်တော်တို့ကတော့ စားသင့်သလောက်စားမိနေကြပြီ။
ကျွန်တော်တို့ရဲ့ မျိုးဆက်တွေ ဓာတုဆေးဝါးပါတဲ့ အစားအစာတွေ မစားမိစေဖို့
ကျွန်တော်တို့မှာတာဝန်ရှိတယ်။ ဒါကြောင့်မို့လည်း အခုလို အသိပညာပေးတာတွေ
လုပ်ဆောင်နေရတာပါ'' ဟု စည်ပင်သာယာရေးကော်မတီ စျေးနှင့်သားသတ်ဌာန၊
ဌာနစုမှူးဦးဇေယျာငြိမ်းက မြန်မာတိုင်း(မ်) ကို ပြောသည်။

ရတနာပုံ (စ) စျေးအတွင်း ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများဖြစ်သည့်
လက်ဖက်၊ မျှစ်၊ ငါးပိ၊ ပဲပြား၊ ဆီတို့ဟူး၊ ပုစွန်ချဉ်၊ မုန့်တီဖတ်၊ အရောင်တင်မှုန့်၊ ငရုတ်သီး
မှုန့်အစရှိသည့် ကုန်ပစ္စည်းအမျိုးအမည် ၆၇ မျိုးကို နမူနာကောက်ယူခဲ့ပြီး စျေးအတွင်း
ရွေ့လျားဓာတ်ခွဲမော်တော်ယာဉ်ဖြင့် ကုန်ပစ္စည်း၃၉ မျိုးကို ကနဦး ဓာတ်ခွဲစမ်းသပ်
စစ်ဆေးခဲ့ရာ ခွင့်မပြုဆိုးဆေး ပါဝင်ပြီးစားသုံးရန်မသင့်သည့် ငါးပိသုံးမျိုးနှင့် ပဲပြား
နှစ်မျိုးတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း (FDA) ဌာနမှ သိရသည်။

''ကျွန်မတို့ မသိတာတွေ သတိမထားမိတာတွေ အများကြီးပဲ သိလိုက်ရတယ်။ ကျွန်မ
ကိုယ်တိုင်ကပဲ လက်လုပ်ချဉ်ရောင်းတယ်။ ကိုယ်ရောင်းတဲ့ အစားအသောက်အတွက်
စိတ်ချတယ်ဆိုပေမဲ့ တွဲဖက်အသုံးပြုတဲ့ ပစ္စည်းတွေမှာ ဘာတွေပါတယ်ဆိုတာ မသိဘူး။
ကျွန်မတို့အတွက်အလွန်ကောင်းတဲ့ တွေ့ဆုံပွဲလေးပါ။ အခုလို လာသူတွေကိုလည်း
ကျေးဇူးအများကြီးတင်ပါတယ်'' ဟု လက်လုပ်ချဉ်ရောင်းသူ ဒေါ်ခင်စန်းသီက ပြောသည်။

ပြည်သူလူထုအနေဖြင့် အစားအသောက်များစားသုံးပါက အစားအသောက်များကို နဂိုမူလ
အရောင်များ ပြောင်းလဲရောင်းချလာမှုအပေါ် အားပေးကြရန်နှင့် ဆိုးဆေးများဆိုးကာ
ရောင်းချသော စားသောက်ကုန်များကို ဝယ်ယူအားမပေးကြရန် (FDA) ဌာနတာဝန်ရှိသူ
များက တိုက်တွန်း ပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး