သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည် ထိန်းသိမ်းရေး၊ ကလေးသူငယ်မူးယစ်သောက်စားမှု
ပပျောက်ရေးနှင့် (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတွင် အားကစား
သမားများအောင်နိုင်ရေးအတွက် ရည်ရွယ်ကာပြင်ဦးလွင်မြို့နယ်တွင် နေထိုင်သူ
ဦးကျော်ကျော်ဝင်းက ပြင်ဦးလွင်–ရန်ကုန် အသွား/အပြန် မိုင် ၁,ဝဝဝ ကျော်ခရီးကို
တစ်ကိုယ်တော် လမ်းလျှောက်သွားမည်ဖြစ်သည်။
အသက် ၄၆ နှစ်ရှိသော ဦးကျော်ကျော်ဝင်းသည် ပြင်ဦးလွင် အနီးစခန်း ဖောင်းတော
စံပြကျေးရွာ ရပ်ကွက်ကြီး (၁၅)တွင် နေထိုင်သူဖြစ်သည်။ မိုင် ၁,ဝဝဝ ကျော် ခရီးစဉ်
အတွက် အချိန် ၃၄ ရက်သတ်မှတ်ထားပြီးယခုလ ၁၁ မှ စတင်ခါ လမ်းလျှောက်ခရီးစတင်
ခဲ့ပြီး လမ်းခရီးတစ်လျှောက် အားကစားကွင်းခန်းမများရှိသည့် မြို့များတွင် အိပ်စက်အနား
ယူသွားမည်ဖြစ်သည်။
''၁၁ ရက်မှာ ပြင်ဦးလွင်ကနေ နံနက် ရနာရီ တာထွက် လမ်းလျှောက်ခရီး စထွက်မယ်။
နေ့လယ်ပိုင်း နှစ်နာရီလောက်မှာ မန္တလေးဗထူးကွင်းမှာ ပန်းဝင်မယ်။ တစ်ညနားမယ်။
ပြီးတာနဲ့ ကျောက်ဆည်ကို ခရီးဆက်မယ်။ ရန်ကုန်–မန္တလေး လမ်းဟောင်းအတိုင်းပဲ
ခရီးဆက်မယ်။ ခရီးလမ်းတစ်လျှောက်မှာအားကစားကွင်းရှိတဲ့ မြို့တွေမှာ တစ်ထောက်
နားမယ်။ အားကစားနဲ့ ကာယပညာ ဦးစီးဌာနကလည်း လမ်းခရီးတစ်လျှောက်လုံးမှာ
ကျန်းမာရေး၊ စားသောက်ရေးတွေကအစအစစအရာရာ တာဝန်ယူပေးသလို ပြင်ဦးလွင်
စက်ဘီးစီးအဖွဲ့ကလည်း ပ့ံပိုးကူညီပါတယ်။ မိုင် ၁,ဝဝဝ ကျော်ကို တစ်ယောက်တည်းပဲ
လျှောက်မယ်။ လမ်းခရီးအတွက် ဘေးနားကဆိုင်ကယ်၊ ကားတွေ ပါမှာ မဟုတ်ပါဘူး။
စောင့်ကြည့်တဲ့အဖွဲ့တွေတော့ ရှိပါမယ်။ ပြင်ဦးလွင်ကနေ ရန်ကုန်ကို ၁၇ ရက်၊ အပြန် ၁၇
ရက်သတ်မှတ်ထားတယ်။ ရန်ကုန်ရောက်ရင် အားကာကနေ လေး၊ ငါးရက်လောက်
အနားယူ အားမွေးဖို့တော့ တောင်းဆိုထားတယ်''ဟု ဦးကျော်ကျော်ဝင်းက ပြောသည်။
ယခုကဲ့သို့ လမ်းလျှောက်နိုင်ရန် လေ့ကျင့်ခန်းအဖြစ် တောင်ပေါ်ဒေသတွင် တစ်ရက်လျှင်
၁၅ မိုင်နှုန်းခန့် လမ်းလျှောက်ခြင်းများ အချိန်တစ်လကျော်ထိ လေ့ကျင့်လုပ်ဆောင်ခဲ့ပြီး
ဖြစ်ရာ မြေပြန့်ဒေသတွင် တစ်ရက်ပျမ်းမျှ မိုင် ၃ဝ ကျော်ကို အေးဆေးစွာဖြင့်လျှောက်လှမ်း
နိုင်ကြောင်း ၄င်းက ဆိုသည်။
ဦးကျော်ကျော်ဝင်းသည် မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ်တွင် ၁၉၉၄ ခုနှစ်မှ ၂ဝဝ၇ခုနှစ်အထိ
စက်ဘီးစီး အားကစားသမားတစ်ဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး မန္တလေးမြို့တော်စည်ပင်
သာယာရေးကော်မတီတွင် စက်ဘီးစီးရန်အတွက် ခြောက်နှစ်တိတိ တာဝန်ထမ်းဆောင်
ခဲ့ဖူးသူ ဖြစ်သည်။
















