ကျောင်းဖွင့်ရာသီ ကားစျေးကွက် မျှော်မှန်းသလောက် မသွက် မိုးတွင်းကာလ အရောင်းအဝယ် ဆက်အေးဖွယ်ရှိ

ကျောင်းဖွင့်ရာသီ ကားစျေးကွက် မျှော်မှန်းသလောက် မသွက် မိုးတွင်းကာလ အရောင်းအဝယ် ဆက်အေးဖွယ်ရှိ

 

ယခုနှစ် ကျောင်းဖွင့်ရာသီကာလတွင် ကားစျေးကွက်၌ မျှော်မှန်းသကဲ့သို့ အရောင်းအဝယ်သွက်လက်ခြင်း
မရှိပဲ မိုးတွင်းကာလတွင်လည်းစျေးကွက် ဆက်လက်အေးစက်နိုင်ကြောင်းကားဝယ်ရောင်းတချို့က
ပြောကြားသည်။

ကားစျေးကွက်တွင် ပြီးခဲ့သော သင်္ကြန်အပြီးကာလနှင့် ကျောင်းဖွင့်ရာသီမတိုင်မီက အရောင်းအဝယ်
အသင့်အတင့်ဖြစ်ခဲ့သော် လည်း ကျောင်းဖွင့်ရာသီ နောက်ပိုင်းတွင်စျေးကွက်မှာ အရောင်းအဝယ်
မဖြစ်သလောက်ငြိမ်သက်ခဲ့ကြောင်း ပြည်ကြီးမျက်ရှင် ယာဉ်ရောင်းဝယ်ရေးစခန်းမှ
အတွင်းရေးမှူးဦးဝင်းမြင့်ဦးက ပြောသည်။

''အရင် ကျောင်းဖွင့်ရာသီတွေဆိုရင် အရောင်းအဝယ်က ပုံမှန်ဖြစ်ပါတယ်။ အခုကအခွန်မြင့်တာရယ်၊
ငွေစျေးမြင့်တာရယ်ကြောင့် ကားစျေးတွေက မြင့်နေတော့ ဝယ်လိုအားက မကောင်းဘူးဖြစ်နေတယ်။
လာမယ့်မိုးတွင်းကာလရောက်ရင် ထုံးစံအတိုင်းကားစျေးကွက်က ဆက်ငြိမ်တာများမယ်''ဟု
ဦးဝင်းမြင့်ဦးက ယခုလ ၁၃ ရက်တွင် ပြောသည်။

လက်ရှိ အနေအထားအရ အရောင်းအဝယ်မှာ ဆက်လက်ငြိမ်သက်နိုင်ကာ ကားတင်သွင်းခွင့်ဆိုင်ရာ
မူဝါဒ မပြောင်းသော်လည်း အခွန်အခ ပိုလာပြီး ငွေတန်ဖိုးကြီးမြင့်မှုကြောင့် ကားတန်ဖိုးအပေါ်တွင်
ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်လာကြောင်း ပြောသည်။

''အပ်ကုန်စနစ်နဲ့ သွင်းထားတဲ့ ၂ဝဝဝမော်ဒယ်အောက် ကားတွေကို စလစ်အစား ကျပ်သိန်း ၃ဝ၊
၂ဝဝဝ ကနေ ၂ဝဝ၅ မော်ဒယ်ကားတွေကို စလစ်အစား ကျပ်သိန်း ၆ဝသွင်းပြီး နယ်လိုင်စင်အဖြစ်
ထုတ်ယူဖို့ သတ်မှတ်ချက်ကြောင့် စလစ်လို အပ်ချက်လည်း နည်းသွားပါတယ်။ ဒါကြောင့် စလစ်စျေးက
အရင်ကထက်စာရင် ကျပါတယ်။ ကားဟောင်းစလစ်စျေးက အရင် ကျပ်သိန်း ၁၁ဝ လောက်ကနေ
အခု ၈ဝ၊ ၈၁ သိန်းစျေး ရှိပါတယ်''ဟု ဦးဝင်းမြင့်ဦးက ပြောသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့်ပြည်ထောင်စုလွှတ်တော်တွင် အင်ဂျင်ပါဝါ၁၅ဝဝ စီစီ
အထက်ကားများကို အထူးကုန်စည်ခွန် ရာခိုင်နှုန်း ၂ဝ မှ ၅ဝ အထိကောက်ခံရန် သတ်မှတ်သည့်
အပြင် ဝင်ငွေခွန်ဆောင်ရမည်ဖြစ်ခြင်း၊ ကားတင်သွင်းခွင့်ဆိုင်ရာ မူဝါဒသစ်အရ မော်ဒယ်သစ်
ဘယ်မောင်းများသာ တင်သွင်းရမည့် သတ်မှတ်ချက်များကြောင့် စျေးကွက်အတွင်း ကားစျေးနှုန်း
များမှာ အမြင့်ပိုင်းတွင်သာ ဆက်လက်ရှိနေမည်ဖြစ်သော်လည်း အရောင်းအဝယ်မှာမူ ထူးခြားစွာ
ပြောင်းလဲကောင်းမွန်နိုင်ရန် နည်းပါးကြောင်း ကားဝယ်ရောင်းအများစုက သုံးသပ်ကြသည်။

ကားစျေးကွက်အတွင်း စလစ်ကပ် ကားများမှာ ပျမ်းမျှကျပ်သိန်း ၂၅ဝ မှ ကျပ်သိန်း ၃ဝဝ ကြား၊
ဖရီးပါမစ်ကားများမှာ ကျပ်သိန်း၁၅ဝ မှ ကျပ်သိန်း ၂ဝဝ ကြား၊ မီနီထရပ်များမှာ ကျပ်သိန်း ရဝ မှ
ကျပ်သိန်း ၉ဝ ကြားစျေးနှုန်းရှိနေကြောင်း ကားဝယ်ရောင်းဦးသိန်းဆွေက ပြောသည်။

''ကားတွေက အထူးကုန်စည်ခွန်၊ ဝင်ငွေခွန် သတ်မှတ်ချက်တွေကြောင့် စျေးတွေကတော့
မြင့်နေဦးမှာပဲ။ အရောင်းအဝယ် ကတော့ သိပ်မကောင်းဘူး။ တကယ်လိုအပ်ချက်
ရှိတဲ့သူလောက်နဲ့ပဲ အလုပ်ဖြစ်တယ်'' ဟု ဦးသိန်းဆွေက ပြောသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး