ရန်ကုန် - မန္တလေးရထားလမ်းကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်

ရန်ကုန် - မန္တလေးရထားလမ်းကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်

 

ရထားလမ်းအရှည် ၃၈၅ မိုင်ကျော်ရှိသော ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင် ရေးစီမံကိန်းကို
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ပူးပေါင်းဆောင်ရွက်သွားမည်
ဖြစ်ကြောင်း မြန်မာ့မီးရထား (အထက်မြန်မာပြည်)အထွေထွေမန်နေဂျာ ဦးမျိုးဝင်းက ပြောသည်။

''ရန်ကုန်-မန္တလေးလမ်းပိုင်းက နှစ်ပေါင်း ၅ဝ နဲ့ ၁ဝဝကြား ကြာပါပြီ။ အဲဒီတော့ ကျွန်တော်တို့
သုံးနေတဲ့လမ်းတွေ၊ တံတားတွေ၊ အချက်ပြနဲ့ ဆက်သွယ်ရေးကိရိယာတွေ ဟောင်းနွမ်းပျက်စီးနေပါပြီ။
ဒါတွေကို မွမ်းမံပြင်ဆင်မယ်။ ခေတ်မီကိရိယာတွေ အစားထိုးမယ်''ဟု၄င်းက ပြောသည်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကာလမှာ ၂ဝ၁၇ ခုနှစ်မှ ၂ဝ၂၃ ခုနှစ်အထိ
ဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ်မှာ ဂျပန်နိုင်ငံမှ OfficialDevelopment Assistance ချေးငွေ ၂၇၁
ဒသမ ၆၄ဘီလျံ ယန်းနှင့် မြန်မာအစိုးရထံမှ ကျပ် ၄၂၈ ဘီလျံဖြစ်ကြောင်း စီမံကိန်းအချက်အလက်
များအရ သိရသည်။

စီမံကိန်းတွင် အဆင့်နှစ်ဆင့် ပါဝင်ပြီး အဆင့်တစ်တွင် ၁၆၆ မိုင်ရှည်သော ရန်ကုန်- တောင်ငူလမ်းပိုင်းနှင့်
အဆင့်နှစ်တွင် ၂၁၉ ဒသမ ၅ မိုင်ရှည်သော တောင်ငူ-မန္တလေး လမ်းပိုင်းဟူ၍ ပါဝင်သည်။

''ဒီစီမံကိန်းကို ၂ဝ၁၈ လောက်မှာ စနိုင်မယ်လို့ မှန်းပါတယ်။ ၂ဝ၁၇ ထဲမှာတော့ ကွင်းဆင်းလေ့လာ
ဆန်းစစ်မှုတွေ လုပ်နေပါတယ်။ ဆန်းစစ်မှု (Survey) ကာလကိုးလ သတ်မှတ်ထားပါတယ်'' ဟု
ဦးမျိုးဝင်းက ပြောသည်။

အဆိုပါ စီမံကိန်းတွင် မီးရထားလမ်းများ ပြုပြင်ခြင်း၊ဘူတာအပါအဝင် အဆောက်အအုံများ ဆောက်လုပ်
ခြင်း၊ မီးရထားမောင်းသူကို အထောက်အကူပေးမည့် ခေတ်မီအချက်ပြနှင့် ဆက်သွယ်ရေးကိရိယာများ
တပ်ဆင်ခြင်း၊နည်းပညာ အဆင့်မြှင့်တင်ခြင်း၊ မီးရထားတွင် အသုံးပြုမည့် ခေတ်မီစက်ခေါင်းနှင့်
တွဲသစ်များ မိတ်ဆက်ပြေးဆွဲ မောင်းနှင်ခြင်း၊ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးကိရိယာတန်ဆာ
ပလာများ ပိုမိုတိုးတက် ကောင်းမွန်စေခြင်း၊ အလိုအလျောက် လက်မှတ်ရောင်းသည့်စက်အပါအဝင်
ခရီးသည် ဝန်ဆောင်မှုပေးသည့် ကိရိယာတန်ဆာပလာများ ပိုမို တိုးတက်ကောင်းမွန်စေခြင်းတို့ကို
ဆောင်ရွက် သွားမည်ဖြစ်သည်။

''လက်ရှိ ရထားအမြန်နှုန်းက တစ်နာရီကို ကီလိုမီတာ၆ဝ နှုန်းနဲ့ပဲ မောင်းနေတာ။ စီမံကိန်းပြီးသွားရင်
တစ်နာရီကို ကီလိုမီတာ ၁ဝဝ နှုန်းနဲ့ တိုးမြှင့်မောင်းနှင်နိုင်ဖို့ရည်ရွယ်ပါတယ်''ဟု ဦးမျိုးဝင်းက ပြောသည်။

ရန်ကုန်-မန္တလေး ခရီးသည်တင်ရထား၏ လက်ရှိကြာချိန်သည် ၁၅ နာရီနှင့် ၁၆ နာရီကြား၊ ကုန်တင်
ရထားကြာချိန်သည် ၁၉ နာရီနှင့် ၂ဝ နာရီကြားဖြစ်ပြီးစီမံကိန်းပြီးသွားချိန်တွင် ခရီးသည်တင်ရထားသည်
၇ နာရီ ၄၂ မိနစ်၊ ကုန်တင်ရထားသည် ၁၁ နာရီ ၄၄မိနစ်သာ ကြာမြင့်တော့မည်ဖြစ်ကြောင်း ၄င်းက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး