သဘာဝဘေးအန္တရာယ် ကျရောက်ရာ ဒေသများက ဘေးဒုက္ခကြံုတွေ့နေရသူများကို ပိုမိုကျယ်ပြန့်စွာ
ကူညီထောက်ပံ့ပေးသွားနိုင်ရန် သဘာဝဘေး တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ကို တိုးချဲ့ ဖွဲ့စည်းသွားမည်
ဖြစ်ကြောင်း ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းမြင့်က ပြောသည်။
သဘာဝဘေး တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ကို ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လတွင် မန္တလေးမြို့ပေါ် မြို့နယ်
ခုနစ်မြို့နယ် အသင်းအဖွဲ့ ၂၅ဖွဲ့ ပါဝင်ကာ ကယ်ဆယ်ထောက်ပံ့ ထူထောင်ရေးများ လုပ်ဆောင်ခဲ့ပြီး
နောက် ယခုအခါတိုင်းအတွင်းက အသင်းအဖွဲ့များ တိုးချဲ့ ပါဝင်လျက် ပိုမိုကျယ်ပြန့်စွာ
လုပ်ဆောင်မည်ဖြစ်ကြောင်း ဒေါက်တာ သန်းထွန်းမြင့်က ဆိုသည်။
''အခု အစည်းအဝေးမှာ တက်ရောက်လာတဲ့ အသင်းအဖွဲ့ပေါင်း ၈ဝ နီးပါး ရှိပါတယ်။ဒီအသင်းတွေ
အားလုံး စုစည်းပါဝင်လာအောင် စည်းရုံးလုပ်ဆောင်သွားမှာပါ။ ဌာနဆိုင်ရာတွေ အပါအဝင် မိတ်ဖက်
အဖွဲ့အစည်းတွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ကြပါမယ်''ဟု ဒေါက်တာ သန်းထွန်းမြင့်က ယခုလ
၇ ရက်တွင် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရုံးတွင် ကျင်းပခဲ့သော သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေး
အဖွဲ့ ဖွဲ့စည်းရေးအစည်းအဝေးတွင် ပြောသည်။
အဖွဲ့တွင် လုပ်ငန်းအဖွဲ့ ၁ဝ ခု ပါဝင် ဖွဲ့စည်းထားကာ ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့နှင့် စီမံခန့်ခွဲရေးအဖွဲ့
တို့ ပူးပေါင်းပြီး ပုံမှန်လှူဒါန်းမည့် အလှူရှင်များနှင့် အရေးပေါ်သဘာဝဘေးဖြစ်ပါက လှူဒါန်းမည့်
အလှူရှင်များကိုရှာဖွေကြမည်ဖြစ်ကြောင်း ပြောသည်။
''အရေးပေါ်ကာလတင်မဟုတ်ဘဲ ထူထောင်ရေးကာလ၊ တည်ဆောက်ရေးကာလတွေမှာပါ
ကူညီပံ့ပိုးပေးမှာပါ။ လိုအပ်တဲ့ရန်ပုံငွေရှိမှ ဒီအလုပ်တွေ ဆက်လုပ်နိုင်မှာဖြစ်လို့ ဒုက္ခရောက်သူတွေကို
ကူညီပေးမယ့်သူတွေရဲ့ အကူအညီကိုလည်း မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံမှာလည်း သဘာဝဘေး
ကျရောက်မှုက တခြားနိုင်ငံတွေနဲ့အတူ ရှေ့တန်းရောက်လာတဲ့သဘော ရှိနေပါတယ်''ဟု ဒေါက်တာ
သန်းထွန်းမြင့်က ပြောသည်။
သဘာဝဘေး တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့သည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လမှ ဒီဇင်ဘာလဆန်းအထိ
ဧရာဝတီတိုင်း သာပေါင်းမြို့နယ်နှင့် မန္တလေးတိုင်းအတွင်းရှိ ရေဘေးကျရောက်သောနေရာများ၊
ပုဂံတွင် ကျရောက်ခဲ့သောငလျင်၊ စစ်ဘေးရှောင်များကို နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်း စသော
ကူညီထောက်ပံ့ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့်အပြင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဦးစီးဌာနနှင့် ပူးပေါင်းကာ သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်း
များလည်း ပေးခဲ့သည်။
















