ဒီတစ်ပတ် ငါးမိနစ်စကားစမြည် ကဏ္ဍမှာတော့ အတွေးအမြင် အာဘော် စာရေးဆရာ
ဦးသန်းနိုင်ဦးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆( ဃ) နဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို
ဆွေးနွေးခဲ့ပါတယ်။
လက်ရှိမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆို ခံထားရတာ ကျွန်တော်တို့ မီဒီယာထဲမှာ
ဆိုရင်တော့ ဗွိုက်စ် (The Voice) ဂျာနယ်က အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ အဲဒီမှာ ရေးသားတဲ့
ဗြိတိသျှကိုကိုမောင်ရယ် နှစ်ယောက်တရားစွဲဆို ခံထားရတယ်။
အခြား စာရေးဆရာ မဟုတ်တဲ့ နယ်ပယ်ကသူတွေလည်းတရားစွဲဆိုခံထားရတာတွေ ရှိတယ်။
ဒီပြဿနာတွေအတွက် လွှတ်တော်မှာပြင်ဆင်ဖို့တို့၊ ဖျက်သိမ်းဖို့ဆိုပြီး လုပ်ဆောင် ကြိုးစားနေကြနေတာတွေ
ရှိတယ်။လွှတ်တော်ကိုယ်စားလှယ်တွေကလည်း တင်ထားတာတွေ ရှိတယ်။ ဒီ ၆၆ (ဃ)က
လိုအပ်သလား၊ မလိုအပ်ဘူးလားဆိုရင် မီဒီယာသမားတစ်ယောက်အနေနဲ့ပြောရရင်တော့ ပြည်သူတွေရဲ့
သိမြင်ခွင့်ကို ကန့်သတ်ထားတယ်လို့ မြင်တယ်။အခုခေတ်က သတင်းအချက်အလက်ခေတ်မှာ
ပြည်သူတွေက သိဖို့လိုတယ်။
ဒီလိုပဲ ကန့်သတ်ထားမယ်ဆိုရင် ပြည်သူတွေအတွက် နစ်နာဆုံးရှုံးမှုတွေ ရှိတယ်။ ပြောရေးဆိုခွင့်
မရှိတော့တဲ့ပုံစံ ဖြစ်နေတယ်။ နှစ်ပိုင်းတော့ ရှိတယ်။ နိုင်ငံတော်နဲ့ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေလည်း
ရှိတဲ့အတွက် ဖေ့စ်ဘွတ်စ်အကောင့်တွေကိုတရားစွဲဆိုထားတာတွေလည်း ရှိတယ်။ဝေဖန်တာမဟုတ်ဘဲနဲ့
ညစ်ညမ်းတာတွေနဲ့ပြောလို့ ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ပဲတရားစွဲဆိုခံထားရတယ်။
ဘယ်လိုဟာဆိုရင် တရားစွဲမလဲ၊ ဘယ်လိုဟာဆိုရင်တရားမစွဲဆိုဘူးလားပေ့ါ။ မီဒီယာသမားတစ်ယောက်
အနေနဲ့ ဒီပုဒ်မကို မလိုချင်ဘူး။ ကန့်ကွက်တယ်။ အကောင့်ပုန်းတွေနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ
ရှိတယ်။
စော်ကားတာတွေ ရှိခဲ့ရင်လည်း ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ မဟုတ်ဘဲနဲ့တခြားပုဒ်မနဲ့ တရားစွဲဆိုနိုင်တဲ့
ဟာတွေလည်း ရှိနေတယ်။ အားနည်းချက်ရှိနေတာက တရားစွဲဆိုလိုက်ပြီ ဆိုတာနဲ့တရားစွဲဆိုခံရသူက
အာမခံမရဘဲ အချုပ်ခန်းကို တန်းသွားရတာပဲ။
ဒါတွေက တရားစွဲဆိုခံရသူဘက်က ကြည့်မယ်ဆိုရင် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သိပ်ကို နစ်နာ
ရပါတယ်။ ဒါကိုပြင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေမှာ တာဝန်အရှိဆုံးပါပဲ။ ဥပဒေတွေပြုတာ
ပြင်တာတွေက လွှတ်တော်မှာပဲ လုပ်ဆောင်ရတာတွေပါ။
















