သဗ္ဗညုဘုရားကို တရုတ်ပညာရှင်များနှင့် ပူးပေါင်းပြင်ဆင်ရန် အစီရင်ခံစာ သြဂုတ်လတွင် တင်ပြနိုင်ရန် စီစဉ်

သဗ္ဗညုဘုရားကို တရုတ်ပညာရှင်များနှင့် ပူးပေါင်းပြင်ဆင်ရန် အစီရင်ခံစာ သြဂုတ်လတွင် တင်ပြနိုင်ရန် စီစဉ်

ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့် သဗ္ဗညုဘုရားကို တရုတ်နိုင်ငံ ရှေးဟောင်း
ဗိသုကာပညာရှင်များဖြင့် ပူးပေါင်းပြင်ဆင်နိုင်ရန်အတွက် ပြင်ဆင်မှုပိုင်းနှင့်ပတ်သက်သည့်
အစီရင်ခံစာကို သြဂုတ်လနှောင်းပိုင်းတွင် တင်ပြသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်
အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

သဗ္ဗညုဘုရားကို နှစ်နိုင်ငံ ပူးပေါင်းပြင်ဆင်နိုင်ရန်အတွက် သဘောတူညီမှုယူထားပြီးဖြစ်ကာ
လက်ရှိတွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြင်ဆင်မှုပိုင်းနှင့် ပတ်သက်သည့်
အစီရင်ခံစာကိုတရုတ်အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း၊သဘောတူညီမှု ရရှိလျှင် စတင်
ပြင်ဆင်သွားမည်ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ယခုလ အစောပိုင်းတွင် ပြောသည်။

''သဗ္ဗညုဘုရားကိုတော့ တရုတ်နိုင်ငံနဲ့ပူးပေါင်း ပြင်ဆင်ဖို့ရှိပါတယ်။ မူအားဖြင့်လည်း
သဘောတူညီမှု ရထားတယ်။ အခုသူတို့အဖွဲ့ ကွင်းဆင်းပြီးတော့ သုတေသနလုပ်ငန်းတွေ
ဆောင်ရွက်နေတယ်။ တရုတ်နိုင်ငံကို ပြင်ဆင်မှုအပိုင်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ရှစ်လပိုင်း
အကုန်လောက် တင်ပြမယ်။ သူတို့ဘက်က ခွင့်ပြုပေးတယ်ဆိုရင်နောက်ဆုံးလေ့လာမှု ဆောင်ရွက်
ပြီးတော့ပြင်ဆင်တာကို စတင် လုပ်ဆောင်ပါမယ်''ဟု၄င်းတာဝန်ရှိသူက ပြောသည်။

ပြင်ဆင်မှု ကုန်ကျစရိတ်နှင့် ပြင်ဆင်မည့်ပုံစံကို လေ့လာတွက်ချက်နေဆဲဖြစ်ပြီး တရုတ်ပညာရှင်များနှင့်
အတူ မြန်မာနိုင်ငံက နံရံဆေးရေးပန်းချီပညာရှင်များ၊ ငလျင်ပညာရှင်များနှင့် အခြားပညာရှင်များ
ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ရာ ပြင်ဆင်မှုကာလ နှစ်နှစ်ဝန်းကျင်ခန့် ကြာမြင့်နိုင်ကြောင်း ၄င်းက
ပြောသည်။

ပုဂံဒေသတွင် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လအတွင်းက ချောက်မြို့ကို ဗဟိုပြု၍ လှုပ်ခဲ့သည့် ငလျင်ဒဏ်ကြောင့်
ရှေးဟောင်း စေတီပုထိုး ကျောင်းဆောင် ၃၉၇ ဆူခန့် ထိခိုက်ပျက်စီးခဲ့ရပြီး ယင်းအနက် သဗ္ဗညု
ဘုရားလည်း ပါဝင်ခဲ့ခြင်းဖြစ်ကာ ကြီးမားသည့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

မြန်မာနိုင်ငံက အကူအညီတောင်းခံခဲ့သည့်အတွက် တရုတ်နိုင်ငံက သဗ္ဗညုဘုရားပြင်ဆင်နိုင်ရန်
အကူအညီ ပေးသွားမည်ဖြစ်ကာ လိုအပ်သည့် နည်းပညာများ၊ ငွေကြေးများ၊ ပညာရှင်များဖြင့် ပူးပေါင်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
သူရဦးအောင်ကိုက မေလအတွင်းက ပုဂံတွင် ပြုလုပ်ခဲ့သည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်း
စောင့်ရှောက်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဉာဏ်တော် ပေ ၂၁ဝရှိသော သဗ္ဗညုဘုရားသည် ပုဂံဘုရားများထဲတွင် ဉာဏ်တော် အမြင့်မားဆုံး
ဘုရားတစ်ဆူဖြစ်ပြီး အလောင်းစည်သူမင်းတရားကြီးက အေဒီ ၁၁၄၄ ခုနှစ်တွင် တည်ထားခဲ့ခြင်း
ဖြစ်ကာ ပုဂံတွင် ထင်ရှားကျော်ကြားသည့် ဘုရားတစ်ဆူ ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး