ယခုလ တတိယရက်သတ္တပတ်မှ စ၍မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီး ရင်ပြင်တော်တွင် အများပြည်သူ
ကျန်းမာရေးအတွက် ဆေးလိပ်သောက်သုံးခွင့်ကို ကန့်သတ်မည်ဖြစ်ကြောင်း မဟာမုနိဘုရားကြီး
ဂေါပကအတွင်းရေးမှူး ဦးကျော်ကျော်ဦးက ယခုလ ၉ ရက်တွင် ပြောသည်။
''အခုလ တတိယပတ်ကနေ စမယ်။ဘုရားရင်ပြင်တော်ပေါ်မှာ ဆေးလိပ်သောက်ခွင့်ကို ကန့်သတ်မယ်။
အများပြည်သူရှိတဲ့ နေရာတွေမှာ ဆေးလိပ်သောက်တဲ့ လူတစ်ယောက်ကြောင့် တခြားလူတွေက
ရှူရှိုက်မိလိမ့်မယ်။ တခြားလူတွေ ကျန်းမာရေးအတွက် အခုလိုကန့်သတ်ရတာဖြစ်ပါတယ်'' ဟု
ဦးကျော်ကျော်ဦးက ပြောသည်။
အများပြည်သူရှိသည့် နေရာများတွင် ဆေးလိပ်သောက်သုံးမှုများကို လျှော့ချသည့်အပြင်
ကွမ်းယာစားသုံးမှုများကိုလည်းလျှော့ချမည်ဖြစ်ကာ လက်ရှိအချိန်တွင် ကန့်သတ်ရန်အတွက်
သတိပေးဆိုင်းဘုတ်များ စိုက်ထူရန် လုပ်ဆောင်နေပြီဖြစ်သည်။
''အများပြည်သူတွေရှိတဲ့ နေရာတွေမှာဆေးလိပ်သောက်သုံးမှု လျှော့ချတာ ဖြစ်ပါတယ်။
ဆေးလိပ်သောက်ချင်တယ်ဆိုရင် ပန်းခြံထဲမှာ သွားရောက် သောက်သုံးနိုင်တယ်။ ဘုရားရင်ပြင်
ပေါ်ကြတော့ အသက်ကြီး အဘိုးအဘွားတွေ၊ ကလေးမိခင်တွေပါရှိနေတာဆိုတော့ ဘယ်လိုမှ
အဆင်မပြေဘူး။ ပန်းခြံမှာ သောက်တာမျိုးကို ခွင့်ပြုပါမယ်''ဟု မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဝင်
တစ်ဦးက ပြောသည်။
ပဏာမအဆင့်အနေဖြင့် အများပြည်သူရှိသည့် နေရာတွင် ဆေးလိပ်သောက်သုံးခွင့် ကန့်သတ်ရန်
သတိပေးတားမြစ်မှုများ ပြုလုပ်မည်ဖြစ်သော်လည်းနောက်ပိုင်းတွင် အရေးယူမှုများပါ လုပ်ဆောင်ဖွယ်
ရှိကြောင်း အဆိုပါ ဂေါပကအဖွဲ့ဝင်က ပြောသည်။
''ဆေးလိပ်သောက်သုံးခွင့် ပိတ်ပင်တာအရမ်းကောင်းပါတယ်။ ဆေးလိပ်သောက်တာက ကိုယ့်ကိုယ်
တိုင်အတွက် မကောင်းသလို အများပြည်သူအတွက်လည်း မကောင်းတော့ တားမြစ်တာ
မှန်ကန်ပါတယ်။ ဖြစ်နိုင်ရင် အခြားလူစည်ကားရာနေရာတွေမှာလည်း မသောက်ဖို့ အုပ်ချုပ်ရေး
ပိုင်းက သတ်မှတ်ပေးတာမျိုးတွေ လုပ်ဆောင်လာနိုင်ရင် ပိုကောင်းပါတယ်'' ဟု ဆရာဝန်
ဦးကျော်မိုးလှိုင်က ဆိုသည်။
မကြာမီအချိန်တွင် ကျောက်တော်ကြီးဘုရားနှင့် မဟာလောကမာရဇိန် ဘုရားတို့တွင်လည်း
ဆေးလိပ်ကန့်သတ်မှုများ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း အဆိုပါ ဘုရားဂေါပကများက
ပြောသည်။















