ပုဂံဇုန်နယ်နိမိတ်များသတ်မှတ်ခြင်းကို ယခုလကုန်တွင် အတည်ပြုမည်

ပုဂံဇုန်နယ်နိမိတ်များသတ်မှတ်ခြင်းကို ယခုလကုန်တွင် အတည်ပြုမည်

 

မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များရှိရာ ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန်အတွက်
ယူနက်စကို ကို ယခုနှစ်စက်တင်ဘာလအတွင်း၌ တင်သွင်းမည် ဖြစ်သည့်အတွက် ဇုန်နယ်နိမိတ်
သတ်မှတ်ခြင်းကိုယခုလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်
အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံ)ဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ယခုလ ၁၃ ရက်က
ပြောသည်။

''ဇုန်နယ်နိမိတ်သတ်မှတ်တာကို အခုလထဲမှာ အပြီးလုပ်ဆောင်သွားမယ်။ ဇုန်နယ်နိမိတ် သတ်မှတ်ပြီးမှ
ယူနက်စကိုကို တင်လို့ရမှာဖြစ်တယ်။ ဇုန်နယ်နိမိတ်သတ်မှတ်တာက မြို့ခံတွေအတွက် အရမ်းအရေးကြီး
ပါတယ်။ ဇုန်နယ်နိမိတ်သတ်မှတ်တာမှာ သူတို့အတွက်ပါ ထည့်သွင်းစဉ်းထားပါတယ်''ဟု
ဦးအောင်အောင်ကျော်က ပြောသည်။

ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရန်အတွက် ပြီးခဲ့သည့် နှစ်များမှစ၍ ကြိုးစားခဲ့ကြောင်းနှင့်
အဆိုပါ စာရင်းဝင်ရန် ကြိုးပမ်းမှုများကြောင့် ဒေသခံများနစ်နာမှု မရှိစေရန် ယခင်သတ်မှတ်ထားသည့်
ဇုန်နယ်နိမိတ်များကို ထပ်မံတိုးချဲ့ပေးထားကြောင်း ၄င်းက ပြောသည်။

''အရင်ရှိပြီးသား နယ်နိမိတ်အတိုင်းဆိုရင်ပုဂံမြို့သစ်ဘက်က အဆောက်အအုံ အတော်များများက
ဖျက်သိမ်းရမယ့် အထဲမှာ ပါဝင်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒေသခံတွေနစ်နာမှုတွေ မရှိစေဖို့
ဇုန်နယ်နိမိတ်ကိုထပ်မံတိုးချဲ့ပေးတယ်။ နိုင်ငံတော် အတိုင်ပင်ခံကလည်း ပြောထားတာ ရှိတယ်။
ဒေသခံတွေ အကျိုးမရှိစေတာမျိုး မလုပ်ဖို့ ညွှန်ကြားထားတာ ရှိတယ်။ အဲဒါကြောင့် ဒေသခံတွေ
အဆင်ပြေစေဖို့ ဇုန်တွေထပ်ပြီး ခွဲခြားပေးလိုက်တယ်။ အခုဆိုရင် အဆောက်အအုံတွေကို ဖျက်ချ
ဖို့လည်း မလိုတော့ဘူး''ဟုသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး
သူရဦးအောင်ကိုကမေ ၆ ရက်က ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ပြုလုပ်ခဲ့သည့်
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင်
ပြောသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ကို ထပ်မံတိုးချဲ့မည့်နေရာများမှာ မကွေးတိုင်းအတွင်းကျရောက်သည့်
ဧရာဝတီမြစ် အနောက်ဘက်အခြမ်းရှိ တန့်ကြည့်တောင်နှင့် ပုဂံမြို့၏အရှေ့ဘက်တွင်ရှိသော
ယုန်လွှတ်ကျွန်းတို့ ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့မည့် ဧရိယာမှာဧက ၂ဝ,ဝဝဝ ကျော် ရှိကြောင်းနှင့်
ယခင်အချိန်များက ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်၏ ဧရိယာအကျယ်မှာ ဧက ၂၇,၉၇ဝ ရှိပြီးထပ်မံ
တိုးချဲ့သတ်မှတ်ပြီးပါက ဧက ၅ဝ,ဝဝဝကျော်အထိ ရှိလာနိုင်ကြောင်း ဦးအောင်အောင်ကျော်က
ပြောသည်။

လက်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှု ဧရိယာနယ်နိမိတ်ကို ရှေးဟောင်းသုတေသနဆိုင်ရာဇုန်
(Ancient Zone)၊ ရှေးဟောင်းအဆောက်အအုံများ တည်ရှိရာဇုန် (Monumental Zone)နှင့်
ကာကွယ်ထိန်းသိမ်းရေးဇုန် (ProtectedZone) ဟူ၍ သုံးခု သတ်မှတ်ထားပြီး၊ ရှေးဟောင်းစေတီ၊
ပုထိုးများထဲတွင် ရှိနေသည့်ပုဂံမြို့သစ်နှင့် ညောင်ဦးမြို့ကို ကာကွယ် ထိန်းသိမ်းရေးဇုန်ထဲသို့
ထည့်သွင်းထားကြောင်းဦးအောင်အောင်ကျော်က ပြောသည်။

''မေလလောက်တုန်းက ဧရိယာဧက ၄၉,ဝဝဝ နီးပါးပဲ ရှိခဲ့တာပါ။ ဒါပေမဲ့ အခုလူနေထိုင်မှုများတဲ့
ကာကွယ်ရေးဇုန်ဘက်ကို ဧက ထပ်ချဲ့ဖို့ လုပ်ဆောင်နေတယ်။ ဒီလကုန်မှသာ ဇုန်နယ်နိမိတ်
အတိအကျ သိလာနိုင်မယ်''ဟု ဦးအောင်အောင်ကျော်က ဆိုသည်။

လတ်ရှိတွင် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် တင်ရမည့် မူကြမ်းကိုအဖွဲ့နှစ်ဖွဲ့ခွဲပြီး
လုပ်ဆောင်နေကြောင်းနှင့် မူကြမ်းမှာ ၆ဝ ရာခိုင်နှုန်းကျော် ပြီးစီနေပြီဖြစ်ကြောင်း၊ မူကြမ်းနှင့်
အတူ သတ်မှတ်ထားသည့် ဇုန်နယ်နိမိတ်စာရင်းကိုပါ ပေးပို့မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက
တင်သွင်းသည့်မူကြမ်း၏ လိုအပ်ချက်များကို ၂ဝ၁၈ ခုနှစ်၊ဇန်နဝါရီတွင် ယူနက်စကိုက
ပြန်လည်အကြောင်းပြန်မည်ဖြစ်ပြီး အဆိုပါတစ်နှစ်လုံး ယူနက်စကိုက စစ်ဆေးမည်ဖြစ်ကာ
၂ဝ၁၉ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်ဒေသ စာရင်းဝင်၊မဝင်ကို ထုတ်ပြန်မည်ဖြစ်ကြောင်း
ဦးအောင်အောင်ကျော်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး