၁၃ဝဝ ပြည့် အရေးတော်ပုံတွင် ထင်ရှားသောနေရာက ပါဝင်ခဲ့သော သခင်ဗဟိန်းအတွက်
ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို မန္တလေး၁၃ဝဝ ပြည့် အာဇာနည် ၁၇ ဦးဗိမာန်တွင် စိုက်ထူရန်
အဆင်သင့် ဖြစ်နေကြောင်း သခင်ဗဟိန်း ရာပြည့်အထိမ်းအမှတ်ပွဲ ကျင်းပရေးကော်မတီအဖွဲ့ဝင်
စာရေးဆရာ ဆူးငှက်က ပြောသည်။
လာမည့် ဇွန် ၂၇ ရက်တွင် မန္တလေးသားဖြစ်သူ ရဲဘော်ဗဟိန်း(ဝါ) သခင်ဗဟိန်း၏ နှစ် ၁ဝဝ ပြည့်ပွဲ
ကျင်းပမည်ဖြစ်ပြီး ကမ္ပည်းမော်ကွန်း ကျောက်စာတိုင် စိုက်ထူနိုင်ရေးအတွက် တိုင်းဒေသကြီး
အစိုးရအဖွဲ့ထံ တင်ပြထားပြီးဖြစ်ကြောင်း ဆရာဆူးငှက်က ပြောသည်။
''အခု ဇွန် ၁၂ ရက်မှာပဲ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကို သခင်ဗဟိန်း ကမ္ပည်းမော်ကွန်း စိုက်ထူဖို့အတွက်
တင်ပြထားပါတယ်။မော်ကွန်းတိုင် ကျောက်စာ စိုက်ထူမယ့်ဧရိယာ၊ အမြင့်၊ ထု အနေအထားတွေ အားလုံး
တင်ပြထားပါတယ်။ စိုက်ထူခွင့် ရဖို့လည်းအလားအလာ ကောင်းပါတယ်။ ကျောက်စာတိုင်ကလည်း
ပြီးစီးသလောက် ရှိနေပါပြီ'' ဟု ဆရာဆူးငှက်က ယခုလ ၁၂ ရက်တွင် ပြောသည်။
သခင်ဗဟိန်း ရာပြည့်ပွဲတွင် ကမ္ပည်းမော်ကွန်း ကျောက်စာကို ဖွင့်လှစ်ပြီး အမှတ်တရစကား ပြောကြားမည့်
အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း ပြောသည်။
၁၃ဝဝ ပြည့် အရေးတော်ပုံတွင် လယ်သမား၊ အလုပ်သမား၊ ကျောင်းသား၊ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံး
တစ်ပြည်လုံး အတိုင်းအတာနှင့် ပါဝင်ခဲ့ကာ မန္တလေးမြို့တွင်လည်းလူထု သိန်းသောင်းချီပြီး ငြိမ်းချမ်းစွာ
ဆန္ဒပြမှုကို နယ်ချဲ့အစိုးရက ပစ်ခတ်နှိမ်နင်းမှုကြောင့် ရဟန်းအာဇာနည်နှင့် ကျောင်းသား ပြည်သူ
စုစုပေါင်း ၁၇ ဦး ကျဆုံးခဲ့ကြောင်း၊ အဆိုပါအာဇာနည် ၁၇ ဦး ရုပ်ကလာပ်များကို တမ္ပဝတီတွင်
မြို့လူထုက မြေနေရာလှူ၍ အာဇာနည်ဗိမာန် တည်ဆောက်ခဲ့ကြောင်း ဆရာဆူးငှက်က ပြောသည်။
မန္တလေးတွင် ကျဆုံးခဲ့သောအာဇာနည် ၁၇ ဦးတွင် အသက်အငယ်ဆုံးမှာ နေရှင်နယ်ကျောင်းက
၁၂ နှစ်ရှိ သတ္တမတန်း ကျောင်းသား မောင်တင်အောင်ဖြစ်ပြီး အာဇာနည်ဗိမာန်ဝင်းအတွင်း၌
အာဇာနည်၁၇ ဦးကို ကမ္ပည်းမော်ကွန်း ရေးထိုးထားသလိုအရေးတော်ပုံ ကျောက်စာ၊ အာဇာနည်
၁၇ဦး ကျဆုံးရာနေရာပြ မြေပုံကျောက်စာတို့လည်း ရှိသည်။
''အာဇာနည်ဗိမာန် ထိန်းသိမ်းဖို့အတွက်လည်း ရပ်မိရပ်ဖတွေ၊ ပညာရှင်တွေ ပါဝင်တဲ့အာဇာနည်ဗိမာန်
ထိန်းသိမ်းရေးကော်မတီ ဖွဲ့ပြီး ကော်မတီအောက်မှာ ထားသင့်ပါတယ်။ ကော်မတီမှာ အစိုးရအဖွဲ့၊
စည်ပင်သာယာက ပုဂ္ဂိုလ်တွေကိုလည်း ထည့်သွင်း ဖွဲ့ရပါမယ်။ အာဇာနည်ဗိမာန်အတွက် ထိန်းသိမ်း
ပြု ပြင်ရမှာတွေ ရှိတာ ထည့်စဉ်းစားဖို့ လိုပါတယ်။အာဇာနည်ဗိမာန်က အစိုးရအဖွဲ့အောက်မှာဖြစ်
နေတော့ အစိုးရအဖွဲ့ပြောင်းတိုင်း ဗိမာန်ကို တစ်စုံတစ်ခု လုပ်ဆောင်ချင်တဲ့အခါ ခွင့်ပြုချက်
တောင်းခံနေရမှာမျိုး မဖြစ်သင့်တော့ပါဘူး''ဟု ဆရာဆူးငှက်က ပြောသည်။
အထိမ်းအမှတ်ပွဲ ကျင်းပရေးကော်မတီအဖွဲ့ဝင် ဆရာမင်းထက်ငြိမ်းချမ်းက အဆိုပါအာဇာနည်
ဗိမာန်နေရာမှာ ၂ဝ၁၂ ခုနှစ်မတိုင်မီက ချုံနွယ်ပိတ်ပေါင်းများ ဖုံးအုပ်ပြီးမသူတော်များ ခိုလှုံရာနေရာ
တစ်နေရာကဲ့သို့ဖြစ်ခဲ့ကာ လူမသိ သူမသိ ပျောက်ကွယ်ခဲ့ရကြောင်း၊ နောက်ပိုင်းတွင် စာရေးဆရာ
ဆူးငှက်အပါအဝင် တာဝန်သိသူများ၏ မပြတ်လှုံ့ဆော်မှုများကြောင့် ယခုအခြေ အနေကိုပြန်လည်
ရောက်ရှိခဲ့ကာ စည်ပင်သာယာကထိန်းသိမ်းနေကြောင်း၊ သမိုင်းတွင် ထင်ရှားအရေးပါသော
တော်လှန်ရေးတစ်ရပ်၏ ပြယုဂ်ဖြစ်သောကြောင့် ပြည်တွင်း ပြည်ပမှလာရောက်သူများအတွက်
ဂါရဝပြု လေ့လာစရာကောင်းသော နေရာ တစ်ခုအဖြစ် တည်ရှိစေလိုကြောင်း ပြောသည်။
''သမိုင်းကို အတုယူ၊ အားကျနိုင်မှ ကျွန်တော်တို့အနာဂတ်က ပိုကောင်းနိုင်မှာပါ။ ထင်ရှားတဲ့
သမိုင်းဖြစ်ရပ်အတွက် ဒီလို နေရာအကျယ်အဝန်းကောင်းမှာ အလှူရှင်တွေက အမြော်အမြင်
ကောင်းကောင်းနဲ့ လှူခဲ့ လုပ်ဆောင်ခဲ့ကြပါတယ်။ ထင်ရှားတဲ့ တော်လှန်ရေးဖြစ်ရပ်ကို
ပြန်မြင်နိုင်တဲ့နေရာကလည်းဒီဗိမာန်ပဲ ရှိတော့တယ်။ ဒါတောင် မူလရှိခဲ့တဲ့အကျယ်အဝန်းအတိုင်း
အခု မတွေ့နိုင်တော့ဘူး''ဟု ဆရာမင်းထက်ငြိမ်းချမ်းက ယခုလ ၁၃ ရက်တွင် ပြောသည်။
















