မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် မန္တလာတံခွန်ပန်းခြံတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး
ဗိုလ်ချုပ်ပုံတူကြေးရုပ်ဖွင့်ပွဲကို ဇွန် ၁၇ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနှင့် ရင်ပြင်ဖြစ်မြောက်ရေးအဖွဲ့မှ ဦးမင်းထက်ငြိမ်းချမ်းက
ပြောသည်။
''ရည်ရွယ်တာကတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့မွေးနေ့မှာ ဖွင့်ဖို့ပါ။ ဒါပေမဲ့
လူကြီးတွေ အလုပ်များနေမှာစိုးလို့ နှစ်ရက်ကြိုဖွင့်လိုက်တာပါ။ ဖွင့်ပွဲမှာတက်ရောက်ပေးဖို့
နိုင်ငံတော်အကြီးအကဲအားလုံးကို ဖိတ်ထားပါတယ်''ဟု ၄င်းက ပြောသည်။
ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲအထိမ်းအမှတ်ကို ဇွန် ၁၇ ရက်မှ ၂ဝ ရက်အထိ ပြုလုပ်သွားမည်
ဖြစ်ပြီး ခေါင်းအုံးရိုက်ပွဲ၊ ချောတိုင်တက်ပွဲစသည့် ပျော်ပွဲရွှင်ပွဲများ၊ စာပေဟောပြောပွဲ၊
စာအုပ်စျေးရောင်းပွဲ၊ မြို့မတူရိယာအသင်းနှင့် အငြိမ့်ခန်း၊ ပွဲတိုင်းကျော်ဇာတ်အဖွဲ့တို့၏
ကပြဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို နှစ် ၁ဝဝပြည့် အထိမ်းအမှတ်အဖြစ်သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး
၁၉၄၇ ခုနှစ် လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်းမှ ဗိုလ်ချုပ်၏ အသွင်အပြင်
မျက်နှာပုံပန်းသဏ္ဌာန်ကို ယူထားသည်။
အဆိုပါကြေးရုပ်ကို မန္တလေးမြို့ တမ္ပဝတီရပ်ကွက်ရှိ မြန်မာ့ရိုးရာ ကြေးသွန်းပညာရှင်
ဦးဝင်းမောင်၏သမီး ဒေါ်ညွှန့်ညွှန့်ဝင်း ကြေးသွန်းပန်းတဉ်းလုပ်ငန်းတွင် သွန်းလုပ်ခဲ့သည်။
ကြေးပိဿာချိန် ၁,၈ဝဝ အသုံးပြု သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၁ ရက်တွင် ကြေးရုပ်
သွန်းလုပ်ခြင်းလုပ်ငန်းများစတင်ခဲ့ပြီး ဇွန် ၈ ရက်တွင် အပြီးသတ်ခဲ့သည်။
ဇွန် ၁ဝ ရက်နှင့် ၁၁ ရက်များတွင် အမြင့်၁၃ ပေရှိ ဗိုလ်ချုပ်ကြေးရုပ်ကို မန္တလေးလူထုအား
အပ်နှံသည့်အနေဖြင့် မန္တလေးမြို့အနှံ့အပြား လှည့်လည်ခဲ့ကာ ၁၁ ရက် ည ၈နာရီတွင်
မန္တလာတံခွန်ပန်းခြံသို့ ရောက်ရှိခဲ့သည်။
''ကျွန်တော်တို့ ပထမနေ့စလှည့်တုန်းကပုံတွေ အွန်လိုင်းပေါ်တက်ခဲ့ပြီး ဗိုလ်ချုပ်ကြေးရုပ်က
တူလည်းမတူဘူးဆိုတဲ့ ဝေဖန်သံတွေ ထွက်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်က အရောင်ပြန်
တာရယ်၊ ဓာတ်ပုံရိုက်တဲ့လူနေရာ မမှန်တာရယ်ကြောင့် ဖြစ်သွားတာပါ။ ဒါ့ကြောင့်
ဗိုလ်ချုပ်ကြေးရုပ်ကို ကိုယ်တိုင်လာကြည့်ကြပါ။ လာကြည့်မှ တူမတူဆိုတာ သိမှာပါ''ဟု
ဦးမင်းထက်ငြိမ်းချမ်းက ပြောသည်။
အဆိုပါ ဗိုလ်ချုပ်ကြေးရုပ် သွန်းလုပ်ရန်အတွက် ၂ဝ၁၅ ခုနှစ်က စတင် ဖွဲ့စည်းခဲ့သော
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် ရုပ်တုနှင့်ရင်ပြင်ဖြစ်မြောက်ရေးအဖွဲ့က ကျပ်သိန်း
ပေါင်း ၃ဝဝ ကျော် အကုန်အကျခံပြု လုပ်ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။
















