မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရဟန်းတော်များနေထိုင်ရာဘုန်းကြီးကျောင်းနှင့် ကျောင်းတိုက်များတွင်
မိသားစုလိုက်အမြဲနေထိုင်သည့် လူပုဂ္ဂိုလ်များကို နိုင်ငံတော်သံဃနာယကအဖွဲ့ ညွှန်ကြားချက်ဖြင့်
ဥပဒေနှင့်အညီ ဖယ်ရှားသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးသာသနာရေးမှူးရုံးမှ တာဝန်ရှိသူက
ပြောသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ညွှန်ကြားလွှာအမှတ် ၁၄ အရ ရဟန်းတော်များနေထိုင်ရာ
ဘုန်းတော်ကြီးကျောင်းနှင့် ကျောင်းတိုက်များတွင် ရဟန်းတော်များ၊ ကျောထောက်နောက်ခံ မရှိသော
ခမည်းတော်များ၊ မယ်တော်များမှတစ်ပါး အမျိုးသမီးများအပါအဝင် အမြဲနေထိုင်သည့် လူပုဂ္ဂိုလ်များကို
ဖယ်ရှားရမည်ဖြစ်ကြောင်းသုံးကြိမ်တိုင်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း တိုင်းသာသနာရေးမှူးရုံး
ညွှန်ကြားရေးမှူး ဦးခင်မောင်တင့်က ယခုလ ၁၃ ရက်နေ့တွင် ပြောသည်။
''နိုင်ငံတော် သံဃနာယကအဖွဲ့က ၁၉၈၁၊ ၁၉၉၁၊ ၂ဝဝ၄ခုနှစ်သုံးကြိမ်တိုင် ညွှန်ကြားလွှာ ထုတ်ပြန်
ထားဖူးပါတယ်။ မန္တလေးမှာလည်း အရင်နှစ်တွေတုန်းက ဖယ်ရှားပေးဖူးပါတယ်။ အဲဒီတုန်းကတော့
မြေနေရာပြန်လည်စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။ အခုကတော့ မြေနေရာပြန်စီစဉ်ပေးဖို့ဆိုတာ
မဖြစ်နိုင်ပါဘူး။ အရင်ဆုံးဓမ္မစက်နဲ့ ဆောင်ရွက်ပါမယ်၊ လိုက်နာမှုမရှိဘူးဆိုမှသာလျှင် သက်ဆိုင်ရာ
သံဃအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီးအာဏာစက်နဲ့ ဖြေရှင်းဖို့ ဆောင်ရွက်ပါမယ်'' ဟုဦးခင်မောင်တင့်က
ပြောသည်။
ရဟန်းတော်များနေထိုင်သည့် ကျောင်းတိုက်များတွင်တရားမဝင်သစ်များ၊ မူးယစ်ဆေးဝါးများ၊
ပေါက်ကွဲစေတတ်သောယမ်းများ သိုလှောင်သိမ်းဆည်းထားမှု မရှိရေး၊တရားမဝင် လိုင်စင်မဲ့ကားများ
မထားရှိရေး၊ ဘုန်းတော်ကြီးကျောင်းဝင်အတွင်း လူနေအိမ်များဆောက်လုပ်နေထိုင်မှုမရှိစေရေး၊
ဘောလုံးပွဲ လောင်းကစားဒိုင်များ၊ ချဲဒိုင်များလာရောက်ဆောင်ရွက်ခြင်းမပြုစေရန်အတွက်
ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။
ယင်းသို့ ဖယ်ရှားနိုင်ရန်အတွက် သက်ဆိုင်ရာ ကျောင်းတိုက်များသို့ အကြောင်းကြားထားပြီဖြစ်ကာ
သက်ဆိုင်ရာသံဃအဖွဲ့အစည်းများနှင့် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အုပ်ချူပ်ရေးအဖွဲ့အစည်းများ
စုပေါင်းပြီး ဇွန် ၂ဝ ရက်နောက်ဆုံးထား စာရင်းကောက်ယူသွားမည်ဖြစ်ကာ ဇူလိုင်လနောက်ဆုံးထား
ဖယ်ရှားသွားမည်ဖြစ်သည်။
''ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေတဲ့လူတွေက နှစ်ပိုင်းရှိတာပေါ့။ ကျောင်းထိုင်ဘုန်းကြီးရဲ့
ခွင့်ပြုချက်နဲ့နေတဲ့လူတွေနဲ့ ခွင့်ပြုချက်မရှိဘဲနေထိုင်တဲ့သူပေါ့။ ခွင့်ပြုချက်နဲ့ နေထိုင်တယ်ဆိုရင်တောင်
ငှားရမ်းထားတဲ့ပေါ်မူတည်ဆောင်ရွက်သွားမယ်။ ဘုန်းကြီးကျောင်းတွေမှာပညာဆည်းပူးနေတဲ့
ကလေးတွေ၊ ကပ္ပိယတွေ၊ ရိပ်သာမှာနေထိုင်တဲ့ ကလေးတွေကိုတော့ မဖယ်ရှားပါဘူး'' ဟု
ဦးခင်မောင်တင့်က ပြောသည်။
လက်ရှိတွင် စမ်းသပ်ကာလအနေဖြင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ခုနစ်ခုတွင် စတင်ဆောင်
ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
တိုင်းဒေသကြီးသာသနာရေးမှူးရုံးမှ ကောက်ခံထားသော ဝါဆိုသံဃာတော် စာရင်းများအရ
ဘုန်းတော်ကြီးကျောင်း ၉,၇၅၅ ကျောင်း၊ သီလရှင်ကျောင်း ၄၂၉ ကျောင်း၊ရဟန်း ၅၁,၈၈၃ ပါး၊
သာမဏေ ၄၆,၂၂၄ ပါး၊ သီလရှင် ၈,၄၉၈ ပါးရှိသည်။















