မကွေးတိုင်းအတွင်းရှိ မင်းဘူး- ပွင့်ဖြူ-စလင်း- တညောင် ကားလမ်းတိုးချဲ့ရေးအတွက် သစ်ပင်ပေါင်း
၅၆၅ ပင် ခုတ်လှဲသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးသစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး
ဦးမြင့်သိန်းခိုင်က ယခုလ ၁၄ ရက်၌ ပြောသည်။
အဆိုပါလမ်းပိုင်းကို ကောင်းမွန်(မကွေး)ကုမ္ပဏီက ဘီအိုတီစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး
လမ်းအကျယ် ၃၄ ပေအတွင်းရှိ သစ်ပင်များကို ခုတ်လှဲသွားမည်ဖြစ်သည်။
လမ်းချဲ့ရန် သစ်ပင်များခုတ်လှဲခွင့်ပြုရန် ကောင်းမွန်ကုမ္ပဏီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့
၂ဝ၁၆ ခုနှစ်တွင် တင်ပြခဲ့ပြီး အစိုးရအဖွဲ့၏ နှုတ်ဖြင့်လမ်းညွှန်မှုအရ ခုတ်လှဲမည့်သစ်ပင်များနှင့် ပြန်လည်
စိုက်ပျိုးမည့်သစ်ပင်များကို အတည်ပြုထားပြီးဖြစ်ကြောင်း သစ်တောဦးစီးဌာနမှသိရသည်။
''ကျွန်တော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ အစိုးရဆီသွားပြီး (သစ်ပင်ခုတ်နေတဲ့ ကိစ္စတွေ
မလုပ်ဖို့နဲ့ပတ်သက်ပြီး) ညှိနှိုင်းမှုတွေလုပ်ဖို့ စီစဉ်နေပါတယ်။ ကွင်းဆင်းကြည့်တဲ့အနေအထားမှာတော့
တချို့နေရာတွေမှာ ခုတ်ထားပြီးတဲ့အခြေအနေတွေ တွေ့ခဲ့ရပါတယ်'' ဟု သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေး ဆောင်ရွက်နေသူ ကိုမြတ်သူစိုးက ပြောသည်။
မကွေးတိုင်းအတွင်း ပြီးခဲ့သည့်လက မကွေး-ရေနံချောင်း-ကျောက်ပန်းတောင်း ကားလမ်းတွင် လမ်းတိုးချဲ့ရန်
သစ်ပင်များခုတ်မည့်ကိစ္စကို သဘာဝပတ်ဝန်းကျင်မြတ်နိုးသူများနှင့် ဒေသခံများက ကန့်ကွက်ခဲ့ကြသည်။
















