မန္တလေးတိုင်းဒေသကြီးတွင် အခွန်အကြွေးကျန် ၁၂ ဘီလီယံကျပ်အထိရှိကြောင်း
တိုင်းပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုအေးက ဇွန်လ ဒုတိယပတ်
အတွင်းက ပြောသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်က မန္တလေးတိုင်းဒေသကြီးတွင် အခွန် ၁၄၁ ဘီလီယံကျပ်ကောက်ခံ
ရန်လျာထားခဲ့ပြီး အဆိုပါလျာထားချက်ထက်ကျော်လွန်ကာ ၁၆၀ ဘီလီယံကျပ်အထိ
ကောက်ခံရရှိခဲ့သည်။
“ပြီးခဲ့တဲ့ဘဏ္ဍာနှစ်တုန်းက လျာထားချက်ထက်ကျော်ပြီး ၁၉ ဘီလီယံကျပ် ပိုမိုကောက်ခံရရှိ
ခဲ့ပါတယ်။ ဒါပေမယ့် အကြွေးကျန်က ၁၂ ဘီလီယံကျပ်လောက်အထိ ရှိနေသေးတယ်။
အခုဘဏ္ဍာနှစ်မှာ အကြွေးကျန်တွေကို ဖော်ထုတ်ကောက်ခံသွားမှာပါ”ဟု ဦးကိုကိုအေးက
ပြောသည်။
ပြည်တွင်းအခွန်များဦးစီးဌာနမှ စည်းကြပ်ကောက်ခံလျက်ရှိသည့်အခွန်များမှာ ကုန်သွယ်
လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ ၀င်ငွေခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အောင်ဘာလေသိန်း
ဆုခွန်တို့ဖြစ်ကြောင်း သိရသည်။
“အခွန်အကောက်ပေးဖို့ လွတ်ကင်းနေတဲ့ ကုမ္ပဏီတွေ အခွန်ထမ်းတွေကိုလည်း ဖော်ထုတ်
ကောက်ခံသွားမှာပါ”ဟု ဦးကိုကိုအေးက ပြောသည်။
ပြည်သူတစ်ဦးအနေဖြင့် ၀င်ငွေခွန်ကို နှစ်စဉ်ထမ်းဆောင်သော်လည်း ယနေ့အချိန်ထိ
အခွန်ထမ်းဆောင်ရသည့် အကျိုးကျေးဇူးကို မခံစားဖူးသေးကြောင်း ချမ်းမြသာစည်
မြို့နယ်မှ အသက် ၃၅ နှစ်အရွယ်ရှိ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
"၀င်ငွေခွန်နဲ့ပတ်သက်ပြီးကုမ္ပဏီက ဆောင်ရွက်ပေးတဲ့အတွက် ၂၀၀၄ ကတည်းက
အခွန်ဆောင်ခဲ့တာပါ။ အခုလည်း အိမ်ငှားထားတဲ့အတွက် အခွန်ဆောင်ရမယ်ဆိုလို့
အဲဒါလည်းဆောင်ဖို့ စီစဉ်နေပါတယ်။ အခွန်ဆောင်ရတဲ့အတွက် အကျိုးကျေးဇူးခံစား
ရတယ်လို့ အခုချိန်ထိမြင်မြင်သာသာ ဘယ်ဘက်ကမှ မခံစားခဲ့ရပါဘူး။ ကိုယ့်နိုင်ငံအနေ
အထားကလည်း အဲဒီလိုပဲဆက်ဖြစ်နေဦးမယ်လို့ပဲ ထင်ပါတယ်။ ဒါပေမယ့် ဖြစ်သင့်တာက
အစိုးရအနေနဲ့ အခွန်တွေတိုးကောက်သလို လူထုကိုလည်း အခွန်ဆောင်ရတာဟာ အကျိုး
ကျေးဇူးရှိတယ်လို့ယုံကြည်အောင် ဆောင်ရွက်သင့်တယ်လို့မြင်ပါတယ်။ အဲဒါမှသာလျှင်
အခွန်ကို ၀န်ထုပ်ဝန်ဝန်ပိုးလို့ မခံစားရပဲ လိုလိုချင်ချင်ထမ်းဆောင်ကြမှာပါ။ နိုမို့ဆိုရင်တော့
အခွန်ရှောင်နေတဲ့သူတွေ များနေမှာပါပဲ”ဟု ၄င်းက ပြောသည်။















