မကွေးတိုင်းဒေသကြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းသည် ယမန်နှစ်ကထက်
ပိုမိုတိုးတက်လာကြောင်း တိုင်းပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအေးသောင်းကပြောသည်။
မကွေးတိုင်းဒေသကြီး၏ ၂၀၁၆-၁၇ ပညာသင်နှစ် အောင်ချက်ရာခိုင်နှုန်းသည် ၃၇ ဒသမ
၉၈ ရာခိုင်နှုန်းရှိပြီး ယမန်နှစ် စာသင်နှစ်က ၃၀ ဒသမ ၆၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။
"ဒီနှစ်ကတော့ အောင်ချက်ရာနှုန်း သိသိသာသာ တက်ပါတယ်။ သက်ဆိုင်ရာ အခြေခံပညာမှာရှိတဲ့
ကျောင်းတွေရော၊ ဆရာ၊ ဆရာမတွေကို အရည်အသွေးမြှင့် မွမ်းမံသင်တန်းတွေပေးတယ်။
စာမေးပွဲမဖြေမီကာလတွေမှာလည်း နိုင်ငံတော်က သတ်မှတ်ထားတဲ့ စာမေးပွဲစစ်ဆေးခြင်းတွေကို
အချိန်မီ ပြည့်စုံအောင် လုပ်တယ်။ တက္ကသိုလ်က ဆရာ၊ ဆရာမတွေနဲ့လည်း နယ်တွေအထိ
သွားပြီး အနီးကပ်ပို့ချချက်တွေ ဆောင်ရွက်ခဲ့တယ်" ဟု ၎င်းက ပြောသည်။
ယခုနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ကျောင်းသားကျောင်းသူ
ဦးရေ ရ၀,၀၀၀ ကျော် ရှိပြီး ဦးရေ ၂၆,၇၀၀ အောင်မြင်ခဲ့ကြောင်း တိုင်းပညာရေးမှုးရုံးထံမှ သိရသည်။
၂၀၁၆-၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာရပ်အလိုက် ခြောက်ဘာသာ
ဂုဏ်ထူးရှင် ၂၀၊ ငါးဘာသာ ဂုဏ်ထူးရှင် ၈၈ ဦး၊ လေးဘာသာဂုဏ်ထူး ရှင် ၁၅၇ ဦးနှင့်
ဂုဏ်ထူးရကျောင်းသား ကျောင်းသူစုစုပေါင်း ၃,၈၈၇ ဦးရှိကြောင်း သိရသည်။















