ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၁ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား မကွေး၌ ကျင်းပမည်

ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၁ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား မကွေး၌ ကျင်းပမည်

ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါ၀င်ခဲ့မှုကြောင့် ကြိုးပေးခံခဲ့ရသည့် တက္ကသိုလ်ကျောင်းသား
ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် အခမ်းအနားကို ယခုလ ၂၆ ရက်တွင် မကွေးမြို့၌
ကျင်းပရန် စီစဉ်ထားကြောင်း ချင်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ
တာဝန်ခံ (မကွေး) ဆလိုင်း ဆန်းဝင်းကြည်က ပြောသည်။

အဆိုပါ အောက်မေ့ဖွယ် အခမ်းအနားကို မကွေးမြို့ ကမ္ဘာအေးကပ်ကျော် ဘုန်းတော်ကြီးကျောင်းတွင်
ကျင်းပမည်ဖြစ်ပြီး ချင်းတိုင်းရင်းသားများ၏ ဂုဏ်ယူ အောက်မေ့ဖွယ် အခမ်းအနားတစ်ခုအဖြစ်
အလေးအနက်ထား၍ ကျင်းပမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ဦးဆောင်သူ တစ်ဦးဖြစ်သည့်
ဆလိုင်းရိုးမောင်က ပြောသည်။

"အဲဒီပွဲမှာ မကွေးမှာရှိတဲ့ တက္ကသိုလ် တိုင်းက ကျောင်းသားသမဂ္ဂတွေ တက်မယ်။ ဟောပြောပွဲတွေ
ပါမယ်။ ချင်းဝန်ကြီးက မိန့်ခွန်းပြောမယ်။ နောက်ပြီး ဆလိုင်းတင်မောင်ဦးရဲ့ အတ္ထုပ္ပတ္တိကိုဖတ်မယ်။
ကျောင်းသားတွေစုပြီး မြို့ပေါ်မှာ လမ်းလျှောက်ကြမယ်" ဟု ဆလိုင်းဆန်းဝင်းကြည်က ပြောသည်။

"လမ်းလျှောက်တဲ့ ရည်ရွယ်ချက်က ဒီနေ့ခေတ်ကျောင်းသားတွေ၊ ကျောင်းသား မဟုတ်သူတွေကပါ
ဆလိုင်းတင်မောင်ဦးကို သိစေချင်လို့။ အရင်ကသူ့ကို မသိခဲ့ကြဘူး။ သူ့ကို အားလုံးက
မေ့လျော့နေကြတယ်။ သူဆိုရင် ကျောင်းသားတွေကို ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်မှုတွေ
လုပ်ခဲ့တဲ့အတွက်ကြောင့် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကြိုးပေးခံရတဲ့ ကျောင်းသားတစ်ယောက်
ဖြစ်ခဲ့တယ်" ဟု ဆလိုင်းဆန်းဝင်းကြည်ကပြောသည်။

စီတန်းလှည့်လည်ခြင်းကို ဇွန် ၂၆ ရက် နေ့လယ်ပိုင်းတွင် ဗိုလ်ချုပ်ပန်းခြံမှ စတင်မည်ဖြစ်ပြီး
ဗိုလ်ချုပ်လမ်း၊ ပြည်တော်သာလမ်း၊ သစ္စာလမ်းမှတစ်ဆင့် တောင်တွင်းကြီးလမ်းမှ
ကမ္ဘာအေးကပ်ကျော် ဘုန်းတော်ကြီးကျောင်းသို့ ချီတက်လမ်းလျှောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီတန်းလမ်းလျှောက်ခြင်းအတွက် သက်ဆိုင်ရာဌာနများသို့ တရားဝင် စာဖြင့် ခွင့်ပြုချက်
တောင်းခံမည်ဟု သိရသည်။

ဆလိုင်းတင်မောင်ဦးသည် တောင်ငူမြို့တွင် မွေးဖွားခဲ့ပြီး ချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊
ရန်ကုန်တက္ကသိုလ်တွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ကာ ၁၉၇၆ ခုနှစ်၊
ဇွန် ၂၆ ရက်တွင် ကြိုးပေးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

ဆလိုင်းတင်မောင်ဦးသည် ၁၉၆၉ ခုနှစ် ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်
ရွှေရတု အရေးအခင်း၊ ၁၉၇၂ ခုနှစ် ကျောင်းသားအလုပ်သမားအရေးအခင်း၊ ၁၉၇၄ ခုနှစ် ဇွန်လ
အလုပ်သမားသပိတ်၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်း၊ ၁၉၇၅ ခုနှစ် ရွှေတိဂုံ
ကျောင်းသားအရေးအခင်းနှင့် ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်းများတွင် ပါ၀င်လှုပ်ရှားခဲ့ပြီး
စစ်အစိုးရ၏ ကြိုးပေးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ချင်းတိုင်းရင်းသား တက္ကသိုလ်ကျောင်းသားတစ်ဦး
ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး