မန္တလေးမြို့တွင်း၌ ရေစီးရေလာကောင်းမွန်ရေးအတွက် အဓိကကျသော ချောင်းများ၊ မြောင်းများကို
ဆယ်ယူရာ၌ ကျူးကျော်များကြောင့် အခက်အခဲများ တွေ့နေရပြီး ချောင်းမြောင်း ဆယ်ယူခြင်း
လုပ်ငန်းများကို နေ့စဉ်အစီအစဉ်ရေးဆွဲလုပ်ဆောင်နေသော်လည်းစွမ်းအားပြည့် လုပ်ဆောင်နိုင်ခြင်း
မရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး
ဦးစိုးတင့်အောင်က ပြောသည်။
ချောင်းများ၊ မြောင်းများဘေးတွင် ကျူးကျော်နေထိုင်ခြင်းနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများမှာ
နှစ်ပေါင်းများစွာ ကြံုတွေ့နေရသော ပြဿနာဖြစ်နေကာ အဆိုပါပြဿနာများကို ပြတ်ပြတ်သားသား
ကိုင်တွယ်လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဦးစိုး တင့်အောင်က ပြောသည်။
''မြို့ထဲမှာ အရေးပါတဲ့ ရွှေတချောင်းမြောင်း၊ ငွေတချောင်းမြောင်း၊ နဒီမြောင်း၊ သင်္ဂဇာချောင်းတွေ
ရှိနေတယ်။ ပြီးတော့ပန်းရံတော်ချောင်း၊ မြောင်းကြီးမြောင်း၊ ကိုလံဘိုမြောင်းတွေမှာလည်း ကျူးတွေ
ရှိနေပါတယ်။ မိုးတွင်းမှာ ဒီချောင်းမြောင်းတွေက ရေလက်ခံနိုင်စွမ်းအား မရှိတော့ဘဲ ရေပြည့်သွား
တဲ့အခါ မြို့မှာ ရေပြည့်ရေလျှံဖြစ်တော့တာပါပဲ။ ဒါတွေကို မိုးမစခင်ကတည်းက နေ့စဉ် ဆယ်ယူပေမဲ့
ကျူးတွေရှိနေတာကြောင့် ဆယ်လို့မရတဲ့ အပိုင်းတွေမှာ စွမ်းအားပြည့် မလုပ်နိုင်တော့ဘူး။
စက်တွေ၊ လူတွေဝင်လုပ်လို့ မရတာတွေ ဖြစ်တယ်။ ဥပမာစျေးချိုလိုနေရာတွေမှာ မဆယ်နိုင်တာတွေ
လည်း ရှိတယ်။ တက်မျှောချောင်းဘက်မှာ ကျူးနေတာတွေကြောင့် ချောင်းရေက ရ၃လမ်းမကို
ရေအကြီးအကျယ် လျှံစေပါတယ်။ကျူးကျော်တွေကို နို့တစ်စာပေးပြီး ပြတ်ပြတ်သားသား
လုပ်မှရပါမယ်။ ဒီလို ကျူးတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း လက်မခံဖို့ လိုပါတယ်''ဟု
ဦးစိုးတင့်အောင်က ယခုလ ၁၆ ရက်တွင် ပြောသည်။
ယခု မြို့တော်ဝန်မှာ မြို့သန့်ရှင်းသာယာရေးနှင့် သက်ဆိုင်သော လုပ်ငန်းစဉ်များအားလုံးကို
စိတ်ဝင်စားပြီး ယာဉ်ယန္တရားများကို ဝယ်ယူဖြည့်တင်းခြင်းများ ရှိကြောင်း၊လက်ရှိတွင် နေ့စဉ်
မြောင်းဆယ်ယူခြင်းအတွက် ယာဉ်ကြီး၊ အလတ်၊ အသေး စုစုပေါင်း ၃၂ စီး အသုံးပြုနေကာ
မြောင်းဆယ်လုပ်သား ၂၄၂ ဦး၊ သန့်ရှင်းရေးနှင့် အမှိုက်သိမ်းလုပ်သား ၁,၉၅၅ ဦးရှိကြောင်း၊
မိုးများသောအချိန်များတွင် မြောင်းလုပ်သားများကိုစုစည်းခေါ်ယူကာ ပိတ်ဆို့သောနေရာများတွင်
တာဝန်ခွဲဝေလုပ်ဆောင်ရကြောင်း ပြောသည်။
''ချောင်းမြောင်းပိတ်ဆို့မှု ဖြစ်တဲ့နေရာတွေမှာ ဂရန်ရှိထားတယ်ဆိုရင်လည်း ဘယ်လိုဖြေရှင်း
လုပ်ဆောင်ပေးမလဲ၊ ရေစွန့်ထုတ်စနစ်ကို ပိုကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာတွေကို
တာဝန်ရှိတဲ့ လူကြီးတွေ စဉ်းစားနေကြပါတယ်။ ကျူးတွေကို ရှင်းလင်းရေးလုပ်ရင်လည်း
အာဏာပိုင်အဖွဲ့အစည်းတွေက ရှင်းလင်းရေးလုပ်ဆောင်တဲ့ သူတွေရဲ့ လုံခြုံရေးအတွက်
နောက်ကနေ မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးဖို့ လိုပါတယ်'' ဟု ဦးစိုးတင့်အောင်က
ပြောသည်။
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင်နေထိုင်သူ အိမ်ရှင်မဒေါ်စန်းက ၄င်းတို့ရပ်ကွက်တွင်
နှစ်စဉ် မိုးတွင်းကာလ၌ ရေဝင် ရောက်မှုဒဏ်ကို ခံရကြောင်း ပြောသည်။
''လမ်းတွေကို ကွန်ကရစ်ခင်းလိုက်တော့ လမ်းတွေကမြင့်ပြီး နိမ့်တဲ့အိမ်တွေက နိမ့်ကျန်ခဲ့တယ်။
ကျွန်မတို့ရပ်ကွက်ရဲ့ အနောက်ဘက်ပိုင်းမှာ သင်္ဂဇာချောင်းရှိတယ်။ မိုးတွင်းအစမှာတော့
မြေကြီးက ရေစုပ်နိုင်စွမ်းအားရှိသေးတော့ မိုးရေက ပြန်ကျပါသေးတယ်။ ဒါပေမဲ့နောက်ပိုင်း
မိုးများလာတဲ့အခါ သင်္ဂဇာချောင်းကလည်း ရေမနိုင်တော့တဲ့အခါ မြေကြီးကရေစုပ်အားနည်း
သွားချိန်မှာ အိမ်တွေထဲရေတွေဝင်တော့တာပဲ။ အိမ်ထဲရေဝင်တာနှစ်နှစ်ဆက်တိုက်ရှိပြီ။
ဒီနှစ်လည်း မိုးများရင်ဝင်လိမ့်မယ်ထင်တယ်''ဟု ဒေါ်စန်းက ပြောသည်။
















