ဘောလုံးဝါသနာပါသော်လည်း သင်တန်းများတက်ရန် ငွေကြေးအခက်အခဲရှိသော လူငယ်ဘောလုံး
ဝါသနာရှင်များအတွက် ပညာဒါနအဖြစ် နိုင်ငံတကာ၌ လေ့ကျင့်သင်ကြားနေသည့် ဆရာများဖြင့်
သင်ကြားပေးခြင်းနှင့်အာရှ၊ ဥရောပ ဘောလုံးကလပ် အသင်းများနှင့် ချိတ်ဆက် ကစားနိုင်မည့်
အခွင့်အလမ်းများကို လပ်ကီးဟုမ်းစော်ကာ ဖူဆယ်ကလပ်က ဖော်ဆောင်ပေးသွားမည် ဖြစ်ကြောင်း
၄င်းကလပ် အုပ်ချုပ်မှုဒါရိုက်တာက ပြောသည်။
''ဘောလုံးအားကစားနဲ့ ကမ္ဘာလွှမ်းစေချင်တယ်။ ဘောလုံးတော်တာနဲ့ မိမိတိုင်းပြည်ကိုကမ္ဘာက သိမယ်။
အခု ကလပ်မှာ နည်းပြလုပ်နေတဲ့သူဆိုရင် အရင် အာဆင်နယ်မှာ ကစားခဲ့တဲ့ မြန်မာကစားသမားပါ။
လပ်ကီးဟုမ်းကလပ်မှာ အသက်ငါးနှစ်ကနေ အသက် ၂ဝအတွင်းရှိတဲ့ လူငယ်တွေကို လေ့ကျင့်သင်ကြား
ပေးတယ်။ နိုင်ငံတကာ ကလပ်တွေနဲ့ချိတ်ဆက်ထားတယ်။ ဒီနှစ် နိုဝင်ဘာလမှာဘာစီလိုနာနဲ့
အေစီမီလန်က နည်းပြတွေလာကြမယ်။ သင်တန်းတက်ဖို့ ငွေကြေးအခက်အခဲရှိတဲ့ လူငယ်တွေအတွက်
လျှောက်လွှာနဲ့ ဖောင်တင်ပြီး လျှောက်ထားလို့ ရပါတယ်။ အခုလောလာဆယ် ငွေကြေးချို့တဲ့ကလေး
၂၄ ယောက်ကို သင်ကြားပေးနေပါတယ်''ဟု လပ်ကီးဟုမ်းစော်ကာ ဖူဆယ်ဘောလုံးကလပ် အုပ်ချုပ်မှု
ဒါရိုက်တာ ဒေါ်သီတာစန်းက ပြောသည်။
ဘာစီလိုနာနှင့် အေစီမီလန်က နည်းပြများက ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ
လပ်ကီးဟုမ်းဖူဆယ်ဘောလုံးကွင်းများရှိရာ မန္တလေးနှင့် ပြင်ဦးလွင်မြို့တို့တွင်လေ့ကျင့်သင့်ကြားပေး
မည်ဖြစ်ပြီး ထူးချွန်သည့် ကစားသမားများကို လေ့လာကာရွေးချယ်သွားမည်ဖြစ်သည်။
အသက် ၁၈ နှစ်နှင့် ၁၄ နှစ်အောက်ကလပ်အသင်းများကို ဖွဲ့စည်းပေးသွားမည်ဖြစ်ပြီး ပြည်ပကလပ်များ
ဖြစ်သည့် အင်ဒိုနီးရှားကလပ်၊ ကနေဒါကလပ်၊ ဂျူဘိုင်း(အာဆင်နယ်) ကလပ်များဖြင့် ချိတ်ဆက်ထားပြီး
ခြေစမ်းပွဲများ ကစားသွားနိုင်ရန် ကမ်းလှမ်းထားမှု များရှိနေကြောင်း ဒေါ်သီတာစန်းက ဆိုသည်။
















