ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သည့် အကျဉ်းသူ
တစ်ဦးသည် အဝေးသင်တက္ကသိုလ် တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ
ဒုတိယညွန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ယခုလ ၁၉ ရက်က ပြောသည်။
''သူ့အနေနဲ့ အဝေးသင်တက္ကသိုလ် ပညာသင်ခွင့် ရရှိမှာဖြစ်ပါတယ်။ အကျဉ်းကျနေတာ ဖြစ်တဲ့
အတွက် သူများတွေလိုအပြင်ထွက်တက်ခွင့် ရရှိမှာ မဟုတ်ပါဘူး။အကျဉ်းထောင်မှာပဲ သင်ယူခွင့်
ရရှိမှာ ဖြစ်ပါတယ်''ဟု ဦးမင်းထွန်းစိုးက ပြောသည်။
ဘောဂဗေဒ၊ ပထဝီ၊ သမိုင်း ဘာသာရပ်များတွင် ဂုဏ်ထူးထွက်ခဲ့သည့် အသက် ၁၉ နှစ်အရွယ်ရှိ
အဆိုပါ အကျဉ်းသူသည် ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်က မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိခဲ့မှု ပုဒ်မ
၁၆(ဂ)ဖြင့်ထောင်ဒဏ် ၁ဝ နှစ် ကျခံနေရသူဖြစ်ပြီး၊ သူ၏ ဇာတိမှာ စစ်ကိုင်းတိုင်းဒေသကြီး၊
ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ စာရင်းများအရသိရသည်။
''သူ့ကိုအဝေးသင် စာမေးပွဲနီးရင် တက္ကသိုလ်က ဆရာ၊ ဆရာမတွေကို ခေါ်ပြီး စာသင်ကြားပေးမယ်။
စာမေးပွဲဖြေရင်လည်း အကျဉ်းထောင်ထဲမှာပဲ ဖြေရမယ်။လက်ရှိသူကျနေတဲ့ ပြစ်ဒဏ်အရဆိုရင်
ထောင်ထဲမှာနေရင်းပဲ ဘွဲ့ရနိုင်တယ်။ဒီကြားထဲမှာ လွတ်ရင်တော့ ပြင်ပမှာ ကျောင်းတက်ဖို့
ဆက်လုပ်ပေးသွားမယ်''ဟု ဦးမင်းထွန်းစိုးက ပြောသည်။
အကျဉ်းထောင်အတွင်းမှ နေပြီး အဝေးသင်တက္ကသိုလ် တက်ရောက်ခြင်းအတွက် ကုန်ကျစရိတ်များကို
အကျဉ်းဦးစီးဌာနဘက်မှ တာဝန်ယူပေးမည်ဖြစ်ကြောင်းနှင့် ၄င်းနှင့် အတူ အခြား အကျဉ်းထောင်မှ
စာမေးပွဲအောင်သူများအတွက် ကုန်ကျစရိတ်များကို အကျဉ်းဦးစီးဌာနဘက်မှသာ အကုန်အကျ
ခံမည်ဖြစ်ကြောင်းဦးမင်းထွန်းစိုးက ပြောသည်။
အကျဉ်းထောင်အတွင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခဲ့သူများတွင် ယခုသုံးဘာသာဂုဏ်ထူးဖြင့်
အမြင့်ဆုံး အောင်မြင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ အောင်မြင်ခြင်းအတွက်
ဆုချီးမြှင့်ခြင်းကိုလည်း သက်ဆိုင်ရာထောင်ပိုင်များမှ လုပ်ဆောင်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
မန္တလေးအိုးဘိုထောင်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူအရေအတွက်မှာ ၁၁ ဦးရှိပြီး၊
ခုနစ်ဦးအောင်မြင်ပြီး၊ အဆိုပါ အောင်မြင်သူများထဲတွင် သုံးဘာသာဂုဏ်ထူးရှင်တစ်ဦးနှင့်
တစ်ဘာသာဂုဏ်ထူးရှင် ငါးဦး ထွက်ပေါ်ခဲ့ကြောင်း အကျဉ်းဦးစီးစာရင်းများအရ သိရသည်။















