မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် လက်ရှိကျင့်သုံးနေသော
ကျောင်းစည်းကမ်းဟောင်းများကို ပယ်ဖျက်ပေးရန်နှင့် အသစ်ရေးဆွဲပေးရန် တောင်းဆိုမှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း မကွေးဆေးတက္ကသိုလ်နှင့် မကွေးနည်းပညာတက္ကသိုလ်
ကျောင်းသားများက ပြောသည်။
ကျင့်သုံးနေသည့် ကျောင်းစည်းကမ်းဟောင်းများ ပယ်ဖျက်ပြီး ကျောင်းသားအခွင့်အရေးကို
အကာအကွယ်ပေးသည့် ကျောင်းစည်းကမ်းအသစ်များကို ကျောင်းသားထု သဘောဆန္ဒနှင့်အညီ
အမြန်ရေးဆွဲပေးရန်၊ သုံးနှစ် (သို့မဟုတ်) ငါးနှစ် ကျရှုံးသည့် ကျောင်းသားများကို ကျောင်းထုတ်သော
စနစ် လုံးဝဖျက်သိမ်းပေးရန်၊ ကျောင်းစည်းကမ်းများကြောင့် နစ်နာခဲ့သည့် ကျောင်းသားဟောင်းများကို
လွတ်လပ်စွာ ဆက်လက်ပညာသင်ကြားခွင့်ရရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း
ထိုကျောင်းသားများက ပြောသည်။
"ဆူပူလှုပ်ရှားမှုမှ ထိန်းသိမ်းခံရပြီး တရားရုံးမှာ ပြစ်ဒဏ်ချခံရတဲ့ ကျောင်းသားကိုထပ်ပြီးတော့
ကျောင်းကနေ ထုတ်ပယ်လို့ရတယ်။ တရားရုံးကလည်း ပြစ်ဒဏ်တစ်ခါချပြီးပြီ၊ ကျောင်းကလည်း
ထုတ်တယ်ဆိုရင် လုပ်တဲ့လုပ်ရပ်အတွက်ကို ပြစ်ဒဏ်က နှစ်ခါ ခံရတယ်။ ဒါမျိုးတွေက
လုံးဝပယ်ဖျက်ပစ်ရမယ်" ဟု မကွေးဆေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုမျိုးခန့်ကျော်က
ပြောသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသို့ သွားနေသည့် ကာလတွင်
ကျောင်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှု-ပြစ်ဒဏ်နှင့် နိုင်ငံရေးဆူပူမှုဆိုင်ရာ ပြစ်မှုများကို
ပယ်ဖျက်ပြီး အသစ်ရေးဆွဲရန် လိုအပ်နေကြောင်း မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများ
ပါ၀င်ဖွဲ့စည်းထားသည့် မျိုးဆက်သစ်အိုးဝေနိုင်ငံရေးအင်အားစု ကိုယ်စားလှယ် ကိုသက်မှူးလွင်က
ပြောသည်။
မကွေးဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများ
ပါ၀င်ဖွဲ့စည်းထားသည့် မျိုးဆက်သစ်အိုးဝေနိုင်ငံရေးအင်အားစုတို့ ပူးပေါင်း၍ အချက် ငါးချက်ပါ
ပူးတွဲသဘောထား ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်ချက်နှင့် သဘောထား
လက်မှတ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်
ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနနှင့် မကွေးတိုင်းပညာရေးကော်မတီတို့ထံ
ပေးပို့ထားကြောင်း သိရသည်။
















