ရှားပါးမျိုးစိတ်တစ်ခုဖြစ်သည့် ဧရာဝတီလင်းပိုင်များကို ပိုမိုထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက်
လင်းပိုင်ထိန်းသိမ်းရေးဇုန် တိုးချဲ့ရန်လိုအပ်သည့် အချက်အလက်စစ်တမ်းများကို ဒေသခံများထံမှ
ကောက်ယူနေကြောင်းဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအဖွဲ့ တာဝန်ခံ ဦးဟန်ဝင်းက ယခုလ
တတိယ ရက်သတ္တပတ်က ပြောသည်။
''ဒေသခံတွေရဲ့ သဘောထားတွေကို ကောက်ယူနေတယ်။ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဇုန်
တိုးချဲ့ရာမှာလည်း ဒေသခံကျေးရွာက လူတွေရဲ့ အားတွေလည်း လိုအပ်တယ်။ ထပ်မံတိုးချဲ့ရင်
ဘာတွေလိုအပ်မလဲ၊ဘယ်လို လုပ်သင့်လဲ၊ ဘာတွေထူးလာနိုင်မလဲဆိုတာတွေကို အဓိကထားပြီး
ကောက်ယူတာပါ''ဟု ဦးဟန်ဝင်းက ပြောသည်။
ဧရာဝတီလင်းပိုင်နှင့် ပတ်သက်သည့် လူထုစစ်တမ်းကို ယခုလ ၉ ရက်က စတင်ကာ နှစ်ပတ်ကြာ
စစ်တမ်းကောက်ယူနေခြင်းဖြစ်ပြီး စစ်တမ်းနှင့်အတူ ထိန်းသိမ်းရေးဧရိယာဇုန်ထပ်မံတိုးချဲ့ရန်
နေရာများပါ စစ်ဆေးနေကြောင်း ၄င်းက ပြောသည်။
''စစ်တမ်းကောက်ယူတာ၊ ထိန်းသိမ်းရေးဇုန်တိုးချဲ့တာက ဒီလ ၂၃ ရက်မှာ ပြီးစီးနိုင်မယ်။
ပြီးရင်တော့ ရရှိလာတဲ့အချက်အလက်တွေကို အစီရင်ခံစာရေးပြီး သက်ဆိုင်ရာဝန်ကြီးဌာန
(စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန) ကို ပေးပို့တင်ပြမယ်။ ဝန်ကြီးဌာနဘက်ကနေမှ
ထိန်းသိမ်းရေးဇုန်တိုးချဲ့ရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်မယ်'' ဟုစစ်တမ်းကောက်ယူရာတွင် ပါဝင်သည့်
သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ စစ်တမ်းကောက်ယူခြင်းကို ယခုလအပြင် လာမည့် အောက်တိုဘာနှင့် ၂ဝ၁၈ခုနှစ်၊
ဖေဖော်ဝါရီလတွင်လည်း ထပ်မံကောက်ယူရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး၊ ယခုစစ်တမ်းကို
လက်ရှိ ထိန်းသိမ်းရေးဧရိယာသာမက ထပ်မံတိုးချဲ့ရန် လျာထားသည့်ကျေးရွာများတွင်ပါ
ကောက်ယူခြင်းဖြစ်ကြောင်း ဦးဟန်ဝင်းက ပြောသည်။
ဧရာဝတီလင်းပိုင်များကို ပိုမိုကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ထိန်းသိမ်းရေးဇုန်တိုးချဲ့ရန်
အဓိက သတ်မှတ်ထားသည့် နေရာများမှာ ဧရာဝတီလင်းပိုင်များ ကျင်လည်ကျက်စားလေ့ရှိသည့်
ကချင်ပြည်နယ်အထိပါဝင်နိုင်ကြောင်း စစ်တမ်းကောက်ယူနေသူများက ပြောသည်။
လက်ရှိ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာဖြစ်သည့် မန္တလေးမြို့ နန်းတော်ကျွန်းကျေးရွာအနီးမှ
စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့၊ ရေတော်ဘုရားနားအထိ ရ၄ ကီလိုမီတာရှိသည့်
ဧရာဝတီမြစ်အပိုင်းကို မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ၂ဝဝ၅ ခုနှစ်၊ ဒီဇင်ဘာလတွင်
စတင်သတ်မှတ်ခဲ့ပြီး အဆိုပါဧရိယာအတွင်း၌ ကျက်စားသည့် ဧရာဝတီလင်းပိုင်
အကောင်ရေအတွက်မှာ ၂၈ ကောင် ဝန်းကျင်ခန့်ရှိကြောင်း ဦးဟန်ဝင်းက ပြောသည်။
















