ကျန်းမာခြင်းထက် ပိုမိုတဲ့အဓိပ္ပာယ်တွေနဲ့ 'ယောဂ'

ကျန်းမာခြင်းထက် ပိုမိုတဲ့အဓိပ္ပာယ်တွေနဲ့ 'ယောဂ'

ဇွန် ၂၁ ရက်တွင် ကျရောက်သည့် တတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ကို မန္တလေးမြို့တွင်
အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၏ ဦးဆောင်စီစဉ်မှုဖြင့် ဇွန် ၁၈ ရက်က ရှမ်းတိုင်းရင်းသားများ သာရေး
နာရေးအသင်းတွင် ကျင်းပခဲ့သည်။ ထိုအခမ်းအနားတွင် ယောဂကို စိတ်ဝင်စားသူ အများအပြား
ပါဝင်ဆင်နွှဲခဲ့ကြပြီး မန္တလေးမြို့ကယောဂသင်တန်းနည်းပြ ဆရာကြီး ဦးလှညွန့်လည်း ပါဝင်
သရုပ်ပြပေးခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ယောဂနေ့ တရားဝင်ဖြစ်ပေါ်လာသည်မှာ သုံးနှစ်သာ ရှိသေးသည်။ ၂ဝ၁၄ ခုနှစ်၊
စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပသော (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်း
ပြောကြားစဉ် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒြာမိုဒီက တစ်ကမ္ဘာလုံးတွင် အပြည်ပြည်ဆိုင်ရာ
ယောဂနေ့တစ်နေ့ သတ်မှတ်ကျင်းပသင့်ကြောင်း တိုက်တွန်းပြောကြားသည်။ ၂ဝ၁၄၊ ဒီဇင်ဘာ
၁၁ ရက်တွင် အဖွဲ့ဝင်၁၉၃ နိုင်ငံအနက် ထောက်ခံမဲ ၁၇၇ မဲဖြင့်နှစ်စဉ် ဇွန် ၂၁ ရက်ကို
'အပြည်ပြည်ဆိုင်ရာယောဂနေ့'အဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂက အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံမှာတော့ ယောဂဟုဆိုလျှင် ကိုယ်ခန္ဓာနှင့် ကျန်းမာရေးအတွက်အထောက်အကူပေးနိုင်သော
ကျင့်စဉ်ဟု နားလည်သဘောပေါက်မိသူ များလိမ့်မည်ထင်သည်။ သို့သော် ယောဂနည်းပြ ဦးလှညွန့်က
ရှင်းပြရာတွင် ယောဂ၏ အဓိပ္ပာယ်မှာ ထိုထက်များစွာ ကျယ်ပြန့်နက်ရှိုင်းနေသည်။

''ဒီမှာလုပ်နေတဲ့သူ ရာနှုန်းပြည့်လောက်က ကျန်းမာရေးအတွက် လုပ်တဲ့သူများတယ်။ယောဂက
သူ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး မလုပ်နိုင်ရင် ကိုယ်မျှော်မှန်းတဲ့အကျိုးကျေးဇူးတွေ
ဘာမှ မရနိုင်ပါဘူး။ကိုယ်ထင်ထားသလို ဘယ်တော့မှ ရမှာမဟုတ်ဘူး။ နည်းစနစ်မကျရင်
ခန္ဓာကိုယ်ကိုပြန်ဒုက္ခပေးနိုင်ပါတယ်။ အခု ယောဂကိုလူတော်တော်များများ စိတ်ဝင်စားလာကြတယ်။
ဒါပေမဲ့ နည်းစနစ်တကျနဲ့ မှန်မှန် လုပ်တဲ့သူ အင်မတန် ရှားပါတယ်''ဟု ဦးလှညွန့်က ပြောသည်။

အသက် ၆၆ နှစ်ရှိ ဦးလှညွန့်မှာ ယောဂကို ၁၉၇ဝ ပြည့်နှစ် ဝန်းကျင်တွင် စတင်စိတ်ဝင်စားမိခဲ့သည်။
သို့သော် ထဲထဲဝင်ဝင်မလုပ်ဆောင်ဖြစ်ခဲ့ဘဲ ၂ဝဝ၃ ခုနှစ်ရောက်မှရန်ကုန်က သင်တန်းလာဖွင့်သော
ဆရာထံတွင် သင်တန်းစတက်ဖြစ်ခဲ့သည်။ ထိုဆရာမှာ ၁၉၉၃ ခုနှစ်ကတည်းက သင်တန်း အစောဆုံး
ဖွင့်ခဲ့သူတစ်ဦးဖြစ်ကာ ယောဂကိုအစဉ်တစိုက် လေ့လာလေ့ကျင့် ဖြစ်ခဲ့သော ဦးလှညွန့်မှာလည်း
၂ဝဝ၆ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ယောဂသင်တန်းများကိုအခမဲ့ ဖွင့်လှစ်သင်ကြားဖြစ်ခဲ့သည်မှာ
ယနေ့ထက်တိုင်ပင် ဖြစ်သည်။

''သင်တန်းတက်ပြီးတဲ့ နောက်မှာမှ ဘာတွေ သိလာလဲဆိုတော့ ယောဂစာအုပ်တွေထဲက နည်းတွေက
မတိကျဘူးဆိုတာပါပဲ။ ဆရာနဲ့တွေ့မှ စနစ်တွေကို အတိအကျသိလာခဲ့ရတယ်။ ပြီးတော့ အိန္ဒိယက
ဟင်ဒီဘာသာနဲ့ ရေးထားတဲ့ မူရင်းစာအုပ်တွေကိုဖတ်ခွင့်ရတဲ့အချိန်မှာ မသိရသေးတာတွေကို
အများကြီးသိလာရပါတယ်''ဟု ဦးလှညွန့်က ပြောသည်။

ယောဂကျင့်စဉ်မှာ ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးကျေးဇူးရနိုင်သည်။ သို့သော်ဆီးချို၊ သွေးတိုး၊
အသည်း စသော ရောဂါရှိသူများအတွက် သက်ဆိုင်ရာ အပိုင်းအလိုက်သာ လုပ်သင့်သော
ကျင့်စဉ်များရှိသလို မလုပ်သင့်သည်များလည်းရှိကြောင်း ၄င်းက ပြောသည်။

''စည်းမျဉ်းစည်းကမ်းအတိုင်း မလုပ်နိုင်ရင် အလကားပါပဲ။ ဆီးချိုသမားဆို ဒါလုပ်၊သွေးတိုးသမားဆို
ဒါလုပ်ဆို ညွှန်ပေးရမှာတွေရှိပါတယ်။ ပြောတဲ့အတိုင်းလုပ်ရင်မသက်သာရင်ပြော။ ဒါပေမဲ့
ပျင်းရင်တော့မတတ်နိုင်ဘူး။ တချို့ အင်တာနက်ကနေဒေါင်းလုပ် လုပ်ပြီး ကြည့်တဲ့သူတွေ
မသိတာက ဘာလဲဆိုရင် ဥပမာ ဒီပုံစံလုပ်ချင်းအားဖြင့် ဘာအကျိုးကျေးဇူးရှိလဲ၊ ဘယ်လိုလူတွေ
မလုပ်ရဘူးလဲဆိုတာ မသိကြပါဘူး။သူများလုပ်နေတာ မြင်တာနဲ့ ကိုယ်လိုက်လုပ်ရင် ခန္ဓာကိုယ်မှာ
ကြီးမားတဲ့ရောဂါရနိုင်တယ်လို့တောင် အဆိုရှိထားပါတယ်''ဟု ဦးလှညွန့်က ပြောသည်။

ယောဂကျင့်စဉ်တွင် အပိုင်း ရှစ်ပိုင်းပါဝင်သည်။ အပိုင်းတစ် 'ယမ'တွင် ၁၂ ပိုင်းထပ်ခွဲထားပြီး
မည်သည့် သက်ရှိသတ္တဝါကိုမှမကောင်းကြံစည် ပြုလုပ်ပြောဆိုခြင်း မပြုရန်၊ ကာယကံ၊ ဝစီကံ၊
မနောကံအရ လိမ်လည်ခြင်း၊ ခိုးယူပြောဆို ကြံစည်ခြင်းမရှိရန်၊ဗြဟ္မာစရိယကျင့်စဉ်၊ အပိုပစ္စည်း
စုဆောင်းခြင်းမရှိရန် စသည်တို့ပါဝင်ထားသည်။ အပိုင်းနှစ် 'နိယာမ' တွင် အပိုင်း ငါးပိုင်း
ထပ်ခွဲထားပြီး ခန္ဓာကိုယ်အတွင်းအပြင် သန့်ရှင်းခြင်း၊ တရားသဖြင့် ရှာဖွေရရှိထားသော
ပစ္စည်းဖြင့် ရောင့်ရဲခြင်း၊ ကျင့်ကြံခြင်း၊မိမိယုံကြည်ကိုးကွယ်သော ဘာသာတရားကျမ်းစာများကို
ဖတ်မှတ် လေ့လာခြင်း၊ပြုသမျှကို ဘုရားထံ ယုံကြည်စွာ ပုံအပ်ခြင်းတို့ ပါဝင်ထားသည်။

အပိုင်းသုံး 'အာစန'တွင် ယောဂပုံစံများပါဝင်ပြီး အပိုင်းလေးတွင် စနစ်တကျအသက်ရှူခြင်း၊
အပိုင်းငါးတွင် အာရုံများကို နိုင်အောင်ထိန်းခြင်း၊ အပိုင်းခြောက်တွင်စိတ်ကို တည်ငြိမ်အောင်
ကျင့်ခြင်း၊ အပိုင်းခုနစ်တွင် တရားထိုင်ခြင်းနှင့် အပိုင်းရှစ်တွင်သမာဓိ(သမထ)တို့ ပါဝင်သည်။
ယောဂ ကျင့်စဉ်များအတွက် ထမင်းစားပြီး လေးနာရီအတွင်း မကျင့်ရန်၊ ရေချိုး ကိုယ်လက်
သန့်စင်အပေါ့အပါးသွားပြီးမှ ကျင့်ရန်၊ နေရာသန့်ရှင်းပြီး လေကောင်းလေသန့် ရရန်၊
ခန္ဓာကိုယ်တွင် မည်သည့် သတ္တုပစ္စည်းမှမရှိရန်၊ လေအေးစက်တပ်အခန်းအတွင်း
မကျင့်ရန်၊ စကားမပြောရန်၊ အမျိုးသမီး များ ဓမ္မတာလာစဉ်တွင် မကျင့်ရန် စသောအချက်များ
ကိုလည်း လိုက်နာရန်လိုသည်။

''စနစ်တကျ အသက်ရှူခြင်းက စိတ်ကိုတည်ငြိမ်စေတဲ့ အချက်ပါပဲ။ ဒါက အလွန်ကျယ်ပြန့်ပါတယ်။
အာရုံတွေကို နိုင်အောင်ထိန်းခြင်းဆိုတာလည်း လုံးဝ မလွယ်ကူပါဘူး''ဟု ဦးလှညွန့်က
ပြောသည်။

ယောဂသင်တန်းကြေးများမှာ နိုင်ငံတကာတွင်မက ပြည်တွင်း၌လည်း စျေးကြီးမြင့်သည်။

''ကျွန်တော်ကတော့ သေသည့်တိုင် လခ (သင်တန်းကြေး) မယူဘူး။ ဒီပညာနဲ့ စီးပွားမရှာဖို့
မှာထား (သတ်မှတ်ချက်ရှိထား)တယ်''ဟု ဦးလှညွန့်က ပြောသည်။

အခမဲ့သင်ပေးသော ဦးလှညွန့်က ရာသီဥတုဆိုးလျှင်လည်း သင်ရမည့်ရက်ကိုသင်ဖြစ်အောင်
သင်သည်။ လူစုံစုံ မစုံစုံသင်တန်းစရမည့်အချိန်တွင် အတိအကျစသင်သည်။ ၃၄ လမ်းနှင့်
၃၅ လမ်းကြား၊ ရ၂ လမ်းနှင့် ရ၃ လမ်းကြားကသူ့အိမ်၌လည်း သင်သလို တရုတ်ဘုံကျောင်းနှင့်
အခြားနေရာများတွင်လည်း သင်သည်။ သင်တန်းမှာ အမျိုးသမီးများပြီး တရုတ်လူမျိုးများ
အများဆုံး လေ့ကျင့်နေကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး