အကျဉ်းသားကျွေးမွေးစရိတ်တိုးမြှင့်ရေး မူအားဖြင့် သဘောတူထား

အကျဉ်းသားကျွေးမွေးစရိတ်တိုးမြှင့်ရေး မူအားဖြင့် သဘောတူထား

မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များနှင့် အကျဉ်းစခန်းများရှိ အကျဉ်းသားများကို နေ့စဉ်
ကျွေးမွေးရာတွင် တစ်ဦးချင်းစီအလိုက် ကုန်ကျနေသည့် ကုန်ကျစရိတ်ကို လာမည့်နှစ်မှ စတင်ကာ
တိုးမြှင့်ရေးအတွက် ပြည်ထောင်စုဘတ်ဂျက် စိစစ်ရေးအဖွဲ့က မူအားဖြင့် သဘောတူညီမှုရရှိထားပြီး
ဖြစ်ကြောင်းအကျဉ်းဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ယခုလ ၂ဝ ရက်က ပြောသည်။

''အကျဉ်းသားတွေကို တိုးမြှင့်ကျွေးမွေးနိုင်ဖို့အတွက် အသုံးစရိတ်တိုးပေးဖို့ စာရင်းတင်ထားတာမှာ
မူအားဖြင့် သဘောတူညီမှု ရရှိထားပါတယ်။ တိုးမြှင့်ထားတဲ့ အသုံးစရိတ်ကို ဘတ်ဂျက်စိစစ်ရေးဌာန
ဘက်ကနေ အခု စိစစ်နေတယ်။ ခွင့်ပြုချက်ကျရင်တော့ အကျဉ်းသားတွေကို တိုးမြှင့်ကျွေးမွေးသွားမယ်''ဟု
ဦးမင်းထွန်းစိုးက ပြောသည်။

ခေတ်ကာလနှင့် ကိုက်ညီမှုမရှိသည့်အတွက် တိုးမြှင့်တောင်းခံထားသည့် တစ်နေ့တာ နှုန်းထားမှာ
အကျဉ်းစခန်းရှိ အကျဉ်းသားတစ်ဦးအတွက် ကျပ် ၁,ဝဝဝ နှင့် အကျဉ်းထောင်ရှိ အကျဉ်းသားတစ်ဦး
အတွက် ၉၇၅ကျပ် နှုန်းထားဖြစ်ကြောင်းနှင့် ယခင်ကကျွေးမွေးနေသည့် တစ်နေတာ အသုံးစရိတ်မှာ
အကျဉ်းစခန်းရှိ အကျဉ်းသားတစ်ဦးအတွက် ၆၂၅ ကျပ်၊ အကျဉ်းထောင်ရှိ အကျဉ်းသားတစ်ဦးအတွက်
ကျပ် ၆ဝဝ ရှိကြောင်း ဦးမင်းထွန်းစိုးက ပြောသည်။

''ဘတ်ဂျက်တိုးမြှင့်ပေးဖို့ မူအားဖြင့်သဘာတူထားပေမဲ့ ကျွေးမွေးနိုင်မယ့်အချိန်က လာမယ့်
ဘတ်ဂျက်နှစ်မှ ဖြစ်နိုင်မယ်။ ဒီကြားထဲမှာ ဖြည့်စွက်ရန်ပုံငွေကနေ တောင်းလို့ ခွင့်ပြုပေးမယ်
ဆိုရင်တော့ အခုတောင်းထားတဲ့ နှုန်းထားနဲ့ လာမယ့်နှစ် ဇန်နဝါရီလလောက်မှာ ကျွေးလို့ရမယ်။
မရသေးရင်တော့ ဒီနှစ်ဘတ်ဂျက်ကာလအတွင်းတော့ လက်ရှိကျွေးမွေးနေတဲ့ ကျပ် ၆ဝဝ ဝန်းကျင်နဲ့ပဲ
ကျွေးမွေးနိုင်ဦးမယ်''ဟု ဦးမင်းထွန်းစိုးက ပြောသည်။

လက်ရှိ အကျဉ်းထောင်နှင့် အကျဉ်းစခန်းတွင် ရှိနေသည့် အကျဉ်းသား ရဝ,ဝဝဝ ကျော်ကို
နေ့စဉ်ကျွေးမွေးနေသည့် စရိတ်မှာတစ်နေ့လျှင် ကျပ်သိန်း ၄၂ဝ ကျော်ရှိကြောင်းနှင့် တစ်လလျှင်
ကျပ်သိန်းပေါင်း ၁၂,ဝဝဝကျော်ရှိကြောင်း ၄င်းက ပြောသည်။

''တစ်ဦးချင်းအလိုက် တိုးမြှင့်တောင်းခံတဲ့ပမာဏက ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ လူများတဲ့အချိန်မှာ
ကုန်ကျတဲ့ပမာဏက များသွားပြီ။နိုင်ငံတော်ဘတ်ဂျက်တွေ ပိုကုန်မယ်။ အဲဒီတော့ ဖြစ်သင့်တာက
အကျဉ်းသားဦးရေကို လျှော့ချတာက ပိုအဆင်ပြေတယ်။ လွှတ်လို့ရတဲ့ အကျဉ်းသားကိုလွှတ်။
အရမ်းကို ဆိုးဝါးနိုင်တယ်ဆိုတဲ့ လူမျိုးကျ ချုပ်ထားပေါ့။ ပြင်ပမှာလည်း မှုခင်းဖြစ်စဉ်တွေ
မဖြစ်ပွားအောင်လှုပ်ရှားမှုတွေ လုပ်ပေးသင့်တယ်။ အကျဉ်းထောင်တွေမှာ ကုန်ကျနေတဲ့
စရိတ်တွေကိုလျှော့ချပြီး ပညာရေး၊ ကျန်းမာရေးဘက်တွေကို ပိုပြီး ဦးစားပေးလို့ရအောင်
လုပ်ဆောင်သင့်တယ်လို့မြင်တယ်'' ဟု အကျဉ်းသားတစ်ဦးဖြစ်ခဲ့သူ ဦးမိုးဟိန်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး