မန္တလေးမြို့တွင်းရှိ စျေးများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က
ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာစားသုံးရန်မသင့်သည့် ပဲပြားများ တွေ့ရှိခဲ့ပြီး
စက်ရုံများကို ယခုလ ၁၉ ရက်မှစ၍ ယာယီပိတ်သိမ်းထားကြောင်း အစားအသောက်နှင့်
ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်က ပြောသည်။
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ရတနာပုံ(စ) စျေးအတွင်း စျေးကွက်နမူနာကောက်ယူခြင်း၊
အသိပညာပေးဆွေးနွေးခြင်းနှင့် ရွေ့လျားဓာတ်ခွဲ မော်တော်ယာဉ်ဖြင့် ဓာတ်ခွဲစမ်းသပ်
စစ်ဆေးခြင်းများကို FDA က ယခုလ ၁၂ ရက်က ဆောင်ရွက်ခဲ့ရာ ပဲပြားလေးမျိုးမှာ
စားသုံးရန်မသင့်သည့် ဖော်မလင်ဆေးရည် (Formalin) များပါဝင်နေသည့်အတွက်
စက်ရုံနေရာများ စုံစမ်းဖော်ထုတ်ကာ ရက်အကန့်အသတ်မရှိ ယာယီပိတ်သိမ်းထားခြင်း
ဖြစ်သည်။ ဖော်မလင်ဆေးရည် (Formalin) ပါဝင်သည့် ပဲပြားတံဆိပ်များမှာ
A , T , 7 နှင့် Y တို့ ဖြစ်သည်။
''ဖော်မလင်ဆေးရည် (Formalin) ဆိုတာလူသေတွေကို မပုပ်မသိုးအောင် ထိုးတဲ့ဆေး
အမျိုးအစားတစ်ခုပါ။ ဒီဆေးရည်ကို ပဲပြားတွေ ရက်ကြာကြာအထားခံအောင်လို့ ဆေးရည်
စိမ်ကြတယ်။ (စ) စျေးမှာ နှစ်မျိုးတွေ့လို့နောက်ထပ် စျေးကွက်နမူနာကောက်ပြီး ထပ်စစ်
တာ နှစ်မျိုးထပ်တွေ့တယ်။ ခြောက်မျိုးကောက်ယူစစ်တာ လေးမျိုးတွေ့တယ်။ အဲဒီလေးမျိုး
မှာ နှစ်မျိုးစီက စက်ရုံတစ်ခုတည်း ဖြစ်နေတာတွေ့ရတယ်။ တံဆိပ်ပြောင်းထုတ်တဲ့
သဘောပါ။ အခု အဲဒီစက်ရုံနှစ်ရုံကိုတော့ ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်။ စက်ရုံ
တစ်ခုက ပုသိမ်ကြီး ဆင်ရွာမှာ၊ တစ်ခုက အမရပူရမှာပါ။ နောက်ထပ် စျေးကွက်ထဲမှာရှိ
နေတဲ့ပဲပြားတွေကိုလည်း ထပ်ပြီးကောက်ယူစစ်ဆေးဦးမှာ'' ဟု ဒေါက်တာကျော်ကျော်က
မြန်မာတိုင်း(မ်) ကိုပြောသည်။
စျေးကွက်အတွင်း ရောင်းချနေသည့် ပဲပြားအများစုသည် FDA ထောက်ခံချက်ရရှိရန်
အနေအထား မရှိသေးသော်လည်း ထုတ်လုပ်ရောင်းချနိုင်ရန်အတွက် နည်းပညာ
အထောက်အပံ့အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
''အခုထုတ်လုပ်နေကြတာ သစ်သားခွက်ပုံစံတွေနဲ့ ထုတ်နေကြတာ။ ထုတ်လုပ်နည်း
အဆင့်ဆင့်ကိုလည်း နည်းပညာအဆင့်မြှင့်ပေးဖို့ လုပ်ပေးပါမယ်။ အခုတွေ့တာက
နယ်တွေကိုပို့ဖို့အတွက် ရက်ကြာကြာထားနိုင်အောင် ဖော်မလင်ဆေးရည် စိမ်ထားကြတာ။
အခုပိတ်ခိုင်းထားတဲ့စက်ရုံ နှစ်ရုံက ဝန်ခံကတိထိုးထားပြီးသားတွေပါ။ တံဆိပ်ပြောင်းပြီး
ထုတ်နေကြတာ။ ဆက်ပြီးအရေးယူဖို့အတွက် ရုံးချုပ်ကိုတင်ပြသွားမယ်'' ဟု ဒေါက်တာ
ကျော်ကျော်က ပြောသည်။
စျေးများအတွင်း နမူနာကောက်ယူခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်နိုင်ရန်
အတွက် တိုင်းကျန်းမာရေးဦးစီးဌာန၊ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၊ မြို့နယ်
ပြည်သူ့ကျန်းမာရေးအဖွဲ့၊ စည်ပင်သာယာရေးကော်မတီ စျေးဌာနနှင့် အခြားဌာနဆိုင်ရာ
တို့ပူးပေါင်းကာ လုပ်ဆောင်နေကြခြင်းဖြစ်ပြီး မန္တလေးမြို့တွင်းရှိ စျေး၄၄ ခုလုံးတွင်
ဆိုးဆေးကင်းရှင်းပြီး ယုံကြည်စိတ်ချစွာ စားသုံးနိုင်သည့် အစားအသောက်များရောင်းချနိုင်
ရေးအတွက် ဆောင်ရွက်လျက် ရှိသည်။
''ဘုန်းတော်ကြီးတွေ၊ သက်ကြီးဘိုးဘွားတွေအတွက် သက်သတ်လွတ်ကျွေးမွေးတဲ့အခါ
ပဲပြားတွေကို အသုံးပြုကြတယ်။ သက်သတ်လွတ်ကျွေးမှပဲ အစာအဆိပ်သင့်သလိုဖြစ်နေ
တယ်။ ဒါတွေက မပြုလုပ် မရောင်းအပ်တာတွေပါ'' ဟု စျေးနှင့်သားသတ်ဌာန တာဝန်ရှိသူ
တစ်ဦးက ပြောသည်။
ပြည်သူလူထုအနေဖြင့် အစားအသောက်များ စားသုံးပါက အရောင်များပါသော အစား
အစာများဖြစ်သည့် ငရုတ်သီးမှုန့်၊ မျှစ်၊ ပဲကြီးလျော် အစရှိသည့် အစားအသောက်များကို
နဂိုမူလအရောင်များ ပြောင်းလဲရောင်းချခြင်းကို အားမပေးကြရန်နှင့် ဆိုးဆေးများ
ဆိုးရောင်းချသော စားသောက်ကုန်များကို ဝယ်ယူအားပေးခြင်း မပြုကြရန် FDA ဌာန
တာဝန်ရှိသူများက တိုက်တွန်း ပြောဆိုသည်။















