သဘာဝထုံးကျောက်လိုဏ်ဂူနှင့် ရေတံခွန်များကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဖော်ထုတ်

သဘာဝထုံးကျောက်လိုဏ်ဂူနှင့် ရေတံခွန်များကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဖော်ထုတ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း သဘာဝရေတံခွန်နှင့်ထုံးကျောက်
လိုဏ်ဂူများ တွေ့ရှိထားပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် 
ဖော်ထုတ်သွားမည်ဖြစ်ကြောင်း စိမ်းလန်းပြင်ဦးလွင် သဘာဝပတ်ဝန်းကျင်အဖွဲ့က 
အဖွဲ့ဝင်များက ပြောသည်။

တွေ့ရှိခဲ့သည့် သဘာဝထုံးကျောက်လိုဏ်ဂူများမှာ အနီးစခန်းဒေသဝန်းကျင်တွင်တည်ရှိပြီး
မတ္တရာမြို့နယ်နှင့် ဆက်စပ်နေသည့် ကျောက်ဂူများဖြစ်ကြောင်း ကိုယ်တိုင်ရှာဖွေတွေ့ရှိ
ခဲ့သည့် စိမ်းလန်းအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

''အဖိုးမဖြတ်နိုင်တဲ့ သဘာဝအလှအပရေတံခွန်နဲ့ ထုံးကျောက်ဂူတွေ ရှာဖွေနေတာ
ကိုယ့်ဒေသ ကိုယ်မြို့ ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ ဆန္ဒတစ်ခုတည်းနဲ့ ရှာဖွေနေတာပါ။ ဒေသခံ
တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေရမယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာဖို့
အတွက်ပါ။ တွေ့ရှိခဲ့တဲ့ ကျောက်နဂါးဂူကို ထုတ်ဖော်ပြသခဲ့တာ အခု သဘာဝပန်းဆွဲ၊
ပန်းခက်တွေ ဖျက်ဆီးခံနေရတယ်။ တခြား ကျောက်ဂူတွေကိုတော့ နေရာအတိအကျကို
မပြောသေးဘူး။ အစိုးရအဖွဲ့နဲ့ပူးပေါင်းပြီး လုပ်ဆောင်သွားရမယ်'' ဟု ထုံးကျောက်ဂူများကို
ကိုယ်တိုင်ရှာဖွေခဲ့သည့် စိမ်းလန်းအဖွဲ့ဝင် ကိုသားကြီးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ယခုလအစောပိုင်းက ရှာဖွေတွေ့ရှိခဲ့သည့် အနီးစခန်းအနီးရှိ သဘာဝထုံးကျောက်ဂူမှာ
ပေ ၂,ဝဝဝ ထိ သွားရောက်ခဲ့ပြီးဖြစ်သော်လည်း လမ်းဆုံးမရောက်သေးဘဲရှိနေရာ
ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆက်လက်ဖော်ထုတ်ခြင်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊
၄င်းအပြင် အဆိုပါဒေသ၌ပင် ကျောက်ဂူအဝင်အထွက်လမ်းဖြစ်နေသည့် နှစ်မိုင်ခန့်
ရှည်လျားသောသဘာဝ ကျောက်မာလိုဏ်ဂူတစ်ဂူ၊ ထုံးကျောက်လိုဏ်ဂူအတွင်း
စမ်းချောင်းပါရှိနေသည့် ဂူတစ်ဂူနှင့် သဘာဝရေတံခွန်တို့ကိုလည်း တွေ့ရှိထားကြောင်း
၄င်းက ဆိုသည်။

''ပထမဦးဆုံးတွေ့ရှိတဲ့ ကျောက်နဂါးဂူကိုတော့ ဘူမိဗေဒပညာရှင်တွေ၊ မြေစာရင်း၊
သစ်တောဦးစီးဌာန၊ ဒေသခံအဖွဲ့တွေနဲ့ပူးပေါင်းပြီး သွားလာခွင့်ကို ခေတ္တပိတ်ထားတယ်။
ဂူတွေ့ရှိတဲ့အချိန်မှာ ဂူထဲက သဘာဝကျောက်ခက်၊ ပန်းဆွဲတွေကို လူတချို့က
ဖျက်ဆီးကြတယ်။ ဒါကြောင့်မို့ ပိတ်ထားတယ်။ ကျွန်တော်တို့အဖွဲ့က သဘာဝအလှ
တရားတွေကို ရှာဖွေနေတာက ကိုယ့်နိုင်ငံကိုယ့်ပြည်တွင်းမှာလည်း တန်ဖိုးမဖြတ်နိုင်တဲ့
သဘာဝအလှတရားတွေ ရှိနေတာကို ဖော်ထုတ်ပြသချင်တဲ့အတွက်ပါ။ ဖော်ထုတ်ပြသ
နိုင်ဖို့ အစိုးရအပေါ်မှာလည်း မူတည်နေတယ်။ ကျွန်တော်တို့က ဖော်ထုတ်ပေးခဲ့ပေမဲ့
အကောင်အထည့်ဖော် ထိန်းသိမ်းပေးဖို့ တာဝန်က အစိုးရမှာ ရှိနေတယ်။ အခုတွေ့ထားတဲ့
နေရာတွေမှာ သဘာဝစခန်းတွေ ဖော်ဆောင်ချင်တယ်'' ဟု စိမ်းလန်းပြင်ဦးလွင်အဖွဲ့
ဒုတိယဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

ပြင်ဦးလွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ
နှင့်အဖွဲ့ဝင်များ၊ သစ်တော၊မြေစာရင်းနှင့် ဒေသခံတို့ ပူးပေါင်းကာကျောက်ဂူများကိုရှာဖွေ
မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး တွေ့ရှိခဲ့သည့်ကျောက်ဂူများ ရေရှည်တည်တံ့
ခိုင်မြဲစေရေးအတွက်လည်း လုပ်ဆာင်သွားမည်ဟု စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ
ဦးမိုးအောင်က ဆိုသည်။

ကနဦးတွေ့ရှိခဲ့သည့် ကျောက်နဂါးဂူမှာ ဘူမိဗေဒအနေအထားအရ ထူးခြားပြီးလွန်ခဲ့သည့်
နှစ်သန်းပေါင်းများစွာ ကတည်းက ဖြစ်ပေါ်တည်ရှိနေခဲ့သည့် ကျောက်ဂူအတွင်းရှိ မိုးမျှော်
ကျောက်စက်ပန်းခက်၊ ပန်းဆွဲများ၊ ကျောက်မောင်းကြီးများရှိကာ ပြင်ဦးလွင်တွင် လူသိများ
ထင်ရှားနေသည့် ထုံးကျောက်ဂူများ၏ အလှထက် အဆပေါင်းများစွာ လှပနေသည့်
ကျောက်ဂူဖြစ်ကြောင်း စိမ်းလန်းအဖွဲ့ပညာရှင်များကဆိုသည်။

''ကျောက်နဂါးဂူထဲမှာ ဘူမိဗေဒအရ လက်တွေ့ပြသပြီး လူငယ်တွေကို သင်ကြားပြသ
ပေးဖို့အထိ လုပ်နိုင်တယ်။ ဒီဒေသအတွက်လည်း ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်
လာမယ်။ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလာမယ်။ အဲဒီလို ဖြစ်လာတဲ့
အခါမှာလည်း စည်းမျဉ်းစည်းကမ်းနဲ့အညီ ထိန်းသိမ်းလာနိုင်မယ်ဆိုရင်တော့ ပိုပြီးတော့
ကောင်းမယ်။ သဘာဝပတ်ဝန်းကျင်ကို လေ့လာချင်တဲ့သူတွေအတွက် သိပ်ဝေးလှတဲ့
ခရီးမဟုတ်တဲ့အတွက် လမ်းလျှောက်ရင် အကောင်ဆုံးပါ'' ဟု တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ် ဦးအောင်မင်းက ပြောသည်။

၂ဝ၁၆ ခုနှစ်အတွင်း စိမ်းလန်းပြင်ဦးလွင်အဖွဲ့က ရှာဖွေတွေ့ရှိထားသည့် ရေတံခွန်အဆင့်
ခုနစ်ဆင့်ရှိသည့် ရေပျံတောင်မှာ လူသိများလာပြီး လာရောက်လည်ပတ်သူ များပြားလာ
သည့်အတွက် အပန်းဖြေအနားယူစရာ နေရာတစ်ခုဖြစ်လာပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး
တိုးတက်လာစေရန်အတွက် ပြင်ဦးလွင်ဟိုတယ် လုပ်ငန်းရှင်များက ခရီးလမ်းကြမ်းသွား
နေရာတစ်ခုအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး