ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်းရှိ ဘုရားများပေါ်မှ ရှုမျှော်ခင်း ကြည့်ရှုနေခြင်းများကို
လျှော့ချနိုင်ရန် ရည်ရွယ်တည်ဆောက်နေသည့် ညောင်လက်ဖက်ကန် ရှုမျှော်ခင်းကြည့်
တောင်ကုန်းငယ်မှာ ယခုလကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်းရှေးဟောင်းသုတသနနှင့်
အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံ) ဌာနခွဲမှ ညွှန်ကြားရေးမှူးဦးအောင်အောင်ကျော်က
ယခုလ ၂ဝ ရက်က ပြောသည်။
''အခု ပြီးစီးမှုရာခိုင်နှုန်းက ၉ဝ လောက်ရှိနေပြီ။ ဒီလကုန်မှာပဲ အကုန်ပြီးစီးသွားနိုင်တယ်။
ပြီးသွားလို့ သိပ်မကြာခင်မှာပဲ ဖွင့်လှစ်နိုင်မယ်။ အများပြည်သူ တက်ရောက်ပြီး ရှုခင်းတွေ
ကြည့်လို့ရမယ်။ ဘုရားတွေအပေါ်ကနေ တက်ပြီး ရှုခင်းကြည့်တာ လျော့ကျလာမယ်'' ဟု
ဦးအောင်အောင်ကျော်က ပြောသည်။
အဆိုပါ ညောင်လက်ဖက်ကန် ရှုခင်းကြည့်တောင်ကုန်း တည်ဆောက်ခြင်းကို ဧပြီ ၁ ရက်
က စတင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ ရှုခင်းကြည့် တောင်ကုန်းပတ်ချာလည်တွင်
လျှောက်လမ်းများပါဝင်ကြောင်းနှင့် အနီးနားတွင် ကားပါကင်များပါ ပါဝင်ကြောင်း
ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးရုံးစာရင်းများအရ သိရသည်။
''ညောင်လက်ဖက်ကန် တည်ဆောက်တဲ့အခါမှာ လူ ၁,ဝဝဝ ခန့် ပြိုင်တူကြည့်လို့ရအောင်
လုုပ်ထားတယ်။ တောင်ကုန်းကိုမြေသားတွေနဲ့ တည်ဆောက်ထားတာဆိုတော့ မိုးရွာရင်
ရေစီးကြောင်းပြိုတာတွေ ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် မြက်တွေနဲ့ ထိန်းသိမ်းတာမျိုးတွေ
လုပ်ထားမယ်။ အခု တောင်ကုန်းကိုတော့ အားလုံးပြီးမှ ဖွင့်ဖြစ်နိုင်တယ်''ဟု ညောင်ဦးခရိုင်
အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စူဠာမဏိဘုရား အရှေ့တောင်ဘက်တွင် တည်ရှိသည့် ညောင်လက်ဖက်ကန်၏ အကျယ်
အဝန်းမှာ အလျား ပေ ၄ဝဝ၊ အမြင့်၂၃ ပေနှင့် အကျယ် ၂၅ပေခန့် ရှိကြောင်းနှင့် အဆိုပါ
တောင်ကုန်းပြီးစီးပါက ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း၌ ရှုမျှော်ခင်းကြည့်
တောင်ကုန်းငယ်မှာ သုံးခုရှိလာမည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ပုဂံတွင် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ဘုရားများ ကြံ့ခိုင်ရေးအတွက်
ရှုမျှော်ခင်းအသစ်များကိုဖော်ဆောင်ရာ လက်ရှိအချိန်တွင် ကိုမောက်ကန်နှင့် အိုးထိန်းကုန်း
တို့တွင် ရှုမျှော်ခင်းကြည့်ရှုရန်နေရာများ ဖော်ဆောင်ပေးပြီးဖြစ်ပြီး ပြည်တွင်း၊ ပြည်ပခရီး
သွားများ တက်ရောက်ကြည့်ရှုနေပြီဖြစ်ကာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း၌
ရှုမျှော်ခင်း ကြည့်ရှုရန်နေရာ စုစုပေါင်းငါးခု ဖော်ဆောင်မည်ဖြစ်သည်။















