မြန်မာ–တရုတ် နယ်စပ်ကုန်သွယ်ရေးဖြစ်သည့် မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်သို့
တင်ပို့သည့် ရွှေဟင်္သာသရက်သီးများ စျေးကောင်းရလာကြောင်း မြန်မာ့သရက်စျေးကွက်နှင့်
နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အတွင်းရေးမှူးဦးကျော်စိုးနိုင်က ဇွန် ၁၉ ရက်က
ပြောသည်။
ဇွန်လဆန်းပိုင်းက ရွှေဟင်္သာသရက်သီး ၁၆ ကီလိုဂရမ်ပါ ခြင်းတစ်ခြင်းလျှင် ယွမ် ၁ဝဝ ခန့်
သာရရှိရာမှ ယခုအခါ ယွမ် ၁၃ဝ အထိရရှိလာကြောင်း ၄င်းက ပြောသည်။
''အရင်မိုးရွာတော့ မူဆယ်လမ်းက ပိတ်နေတယ်။ အခု မိုးတိတ်သွားတော့ လမ်းကပြန်ပွင့်
သွားတယ်။ ပြီးတော့ မီဒီယာတွေကနေ စျေးကွက်သတင်းအချက်အလက်တွေရတော့
အဝင်နည်းသွားတာလည်းပါတယ်။ သရက်သီး အရည်အသွေးလည်း ကောင်းလာတာ
ပါတယ်''ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံတွင် သရက်သီး စတင်ပေါ်ကာစအချိန်က မူဆယ်စျေးကွက်သို့ အရည်အသွေး
ကောင်းသော သရက်သီးများတင်ပို့ခဲ့ကြောင်း၊ ထို့နောက် သရက်သီးအရည်အသွေးများ
ညံ့သွားခဲ့ပြီး စျေးနှုန်းများလည်း ကျသွားကြောင်း၊ ယခုတစ်ကြိမ်တွင် သရက်သီးအရည်
အသွေး ပြန်ကောင်းလာခြင်းကြောင့် စျေးကောင်းပြန်လည်ရရှိခြင်း ဖြစ်ကြောင်း ၄င်းက
ရှင်းပြသည်။
''စျေးက မနှစ်ကစျေးတော့ မမီဘူးပေါ့။ မနှစ်က ယွမ် ၁၇ဝ လောက်အထိ ရခဲ့တယ်။
သရက်သီးရွှေခေတ်လို့တောင် ပြောလို့ရတယ်။ ဒီနှစ်မှာတော့ ရာသီဥတုဖောက်ပြန်သွား
တာရယ်၊ မှိုရောဂါနည်းနည်း ကျသွားတာရယ်ကြောင့် စျေးကကျသွားတာ'' ဟု ၄င်းက
ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့တောကျေးရွာမှ သရက်တောင်သူ ဦးစိုးလှိုင်
က ယမန်နှစ်စျေးနှုန်းမရရှိသော်လည်း ယခုစျေးနှုန်းသည် တောင်သူများ တွက်ခြေကိုက်
သည့် စျေးနှုန်းဖြစ်ကြောင်း ပြောသည်။
''ဒီနှစ်က စျေးအကောင်းလည်း မဟုတ်ဘူး။ အကျလည်း မဟုတ်ဘူး။ ပုံမှန်လို့ပဲပြောရမှာ
ပေါ့။ ကျွန်တော်တို့က ယွမ် ၁၁ဝလောက်ရတော့ ရောင်းသာတယ်လို့ ပြောရမှာပေါ့''ဟု
၄င်းက ပြောသည်။
မြန်မာ့သရက်တောင်သူများ အနေဖြင့်တရုတ်စျေးကွက်ကိုသာ အားထားပြီး စုပြံုပို့နေခြင်း၊
တင်ပို့သည့် သရက်သီးအရည်အသွေးမပြည့်မီခြင်းကြောင့် ယခုနှစ်တွင် စျေးမရခြင်းဖြစ်
သည်ဟု ၄င်းက သုံးသပ်သည်။
မြန်မာ့သရက်စျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အတွင်းရေးမှူးဦးကျော်စိုးနိုင်
က ''အဓိက အားထားတာကတော့ တရုတ်စျေးကွက်ကြီးပဲ။ တရုတ်စျေးကွက်ကို (သရက်
သီးတွေ) ပြံုဝင်လိုက်ပြီဆိုရင် သူတို့က စျေးကိုင်တော့တာပဲ။ ဒါ့ကြောင့် ပြည်တွင်းစျေးကွက်
ကိုလည်း မျှပို့ရမယ်''ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်သို့ တစ်ရက်လျှင် သရက်သီး ၁ဝ
တန်ခန့် တင်ပို့လျက်ရှိကြောင်း ၄င်းက ပြောသည်။
















